ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ဝက်ဝံမျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်များ ကျက်စားနေထိုင်မှုကို မှတ်တမ်းတင် စာရင်းပြုစုနေ



နေပြည်တော် ဖေဖော်ဝါရီ  ၂


စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်အတွင်းတည်ရှိသည့် ထမံသီ တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောရှိ ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ဝက်ဝံမျိုးစိတ်နှင့် တောရိုင်းတိရစ္ဆာန်များ၏ ကျက်စားနေထိုင်မှုကို ကင်မရာထောင်ချောက် ၂၄ လုံး တပ်ဆင်၍ ရက် ၉၀ ကြာ မှတ်တမ်းတင် စာရင်းပြုစုနေကြောင်း ထမံသီတောရိုင်း တိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


“ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောဟာ ဘင်္ဂလားကျား၊ ဝက်ဝံ၊ နို့တိုက်သတ္တဝါနဲ့ ငှက်အပါအဝင် ရှားပါးသတ္တဝါတွေ ကျက်စားတဲ့ ဘေးမဲ့တောဖြစ်ပါတယ်။ သူတို့ကို ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့၊ သူတို့ရဲ့ ကျက်စားနေထိုင်မှုကို လေ့လာသိရှိနိုင်ဖို့ ကင်မရာ ထောင်ချောက် ၂၄ လုံးကို ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ တပ်ဆင်ခဲ့ပြီးတော့ ဖေဖော်ဝါရီ ဒုတိယပတ်မှာ ကင်မရာတွေ ဖြုတ်သိမ်းမှာပါ။ ကင်မရာထောင်ချောက်တွေ ဖြုတ်သိမ်း စစ်ဆေးတဲ့အခါ တောရိုင်းတိရစ္တာန် မျိုးစိတ်တွေရဲ့ ထူးခြားမှုကို သိရှိရမှာပါ။ ဒီလို ဘေးမဲ့တောတွေ ရေရှည်တည်တံ့ခိုင်မြဲဖို့ ဒေသခံပြည်သူအားလုံး ပူးပေါင်းပါဝင် ထိန်းသိမ်း စောင့်ရှောက်ဖို့လည်း လိုအပ်ပါတယ်။” ဟု ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးဝင်းလှိုင်က ပြောသည်။


ယမန်နှစ်ကလည်း ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောတွင် ကင်မရာထောင်ချောက် ၂၄ လုံးတပ်ဆင်၍ တောရိုင်းတိရစ္ဆာန်များ သွားလာကျက်စားမှုကို စောင့်ကြည့်ခဲ့ရာ ဘင်္ဂလားကျား၊ မလေးရှားနှင့် ဟိမဝန္တာဝက်ဝံမျိုးစိတ်၊ ဆင်၊ အင်းကျား၊ ကြောင်မျိုးစိတ်၊ ပြောင်နှင့် ရှားပါးမျိုးစိတ် ၂၅ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ထမံသီ တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။


ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောသည် သဘာဝထိန်းသိမ်းရေးနယ်မြေများတွင် တစ်ခု အပါအဝင်ဖြစ်ပြီး အထူးသဖြင့် ကမ္ဘာ့ရှားပါးစာရင်းဝင် ဘင်္ဂလားကျား၊ ရင်ဘတ်တွင် အဖြူရောင်ဗွီ ပုံသဏ္ဍာန်ရှိသည့် ဟိမဝန္တာဝက်ဝံနှင့် ရင်ဘတ်တွင် အဖြူရောင် ယူပုံသဏ္ဍာန်ရှိသည့် မလေးရှားဝက်ဝံမျိုးစိတ်နှစ်မျိုး ရှင်သန်ကျက်စားလျက် ရှိသည်။




ထို့ပြင် ထမံသီတောရိုင်းတိရစ္ဆာန် ဘေးမဲ့တောတွင် နို့တိုက်သတ္တဝါ (၅၇) မျိုး၊ ငှက်မျိုးစိတ် (၃၃၂) မျိုး၊ ငါးမျိုးစိတ် (၆၇) မျိုး၊ ကုန်နေရေနနှင့် တွားသွားသတ္တဝါ (၇၇) မျိုး၊ အပင်မျိုး စိတ် (၄၃၂) မျိုး၊ ဆေးဘက်ဝင်အပင် (၁၉) မျိုး၊ ဝါး (၁၄) မျိုး၊ ကြိမ်ရှစ်မျိုး၊ ရေနေပင် (၂၃) မျိုး၊ မြက် (၁၈) မျိုးနှင့် သစ်ခွမျိုးစိတ် (၁၆) မျိုး တည်ရှိနေသည့်အပြင် တိုက်လိပ်အပါအဝင် မြန်မာနိုင်ငံတွင်သာ တွေ့ရှိရသည့် ရှားပါးတောရိုင်းတိရစ္ဆာန် မျိုးစိတ်များလည်း တည်ရှိနေသည်။


ထမံသီတောရိုင်းတိရစ္ဆာန်ဘေးမဲ့တောအဖြစ် ၁၉၇၄ ခုနှစ်၊ မေလတွင် သတ်မှတ်ခဲ့ပြီး ၁၉၉၄ ခုနှစ်၊ စက်တင်ဘာ ၁ ရက်နေ့တွင် ဟုမ္မလင်းမြို့၌ အုပ်ချုပ်ရေးမှူးရုံး ဖွင့်လှစ်၍ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့ကာ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၈ ရက်တွင် အာဆီယံအမွေအနှစ် ဥယျာဉ်ကြီးအဖြစ် သတ်မှတ်ခံခဲ့ရကြောင်း သိရသည်။   


သစ္စာ(MNA)

ဓာတ်ပုံ-ထမံသီဘေးမဲ့တောအုပ်ချုပ်ရေးမှူးရုံး                                              


No comments

Powered by Blogger.