အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့်ထောင်ဒဏ်ချမှတ်
နေပြည်တော် ဖေဖော်ဝါရီ ၁
အမျိုးသမီးများအား တရုတ်မယားအဖြစ် ပို့ဆောင်ရောင်းစားကာ
ငွေကြေးအကျိုးအမြတ်ရယူခဲ့သူများကို လူကုန်ကူးမှုဖြင့် အလုပ်နှင့် ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း
မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
ရခိုင်ပြည်နယ် စစ်တွေမြို့ ရွာကြီးမြောက်ရပ်ကွက်နေ
ရွှေနုစိန်နှင့် မိမိခိုင်တို့က ရခိုင်ပြည်နယ် စစ်တွေမြို့နေ မ----၊ ၂၀/၂၄ နှစ်၊ မ----၊
၂၂/၂၄ နှစ်နှင့် မ----၊ ၂၉/၂၄ နှစ်တို့ သုံးဦးအား တရုတ်နိုင်ငံ၌ တရုတ်အမျိုးသားနှင့်
လက်ထပ်ပါက ငွေကျပ် သိန်း ၇၀ ရရှိမည်၊ ကလေးယူပြီးပါက နေရပ်သို့ပြန်ရမည်၊ ကား၊ ခြံနှင့်
နေရမည်ဟု ပြောဆိုစည်းရုံးပြီး တရုတ်နိုင်ငံသို့ ပို့ဆောင်ရန် စီစဉ်ဆောင်ရွက်ခဲ့ကြသဖြင့်
စစ်တွေနယ်မြေရဲစခန်း (ပ) ၂၈/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/၄၄
ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။ အဆိုပါအမှုအား စစ်တွေခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ
ဇန်နဝါရီ ၂၇ ရက်တွင် တရားခံ ရွှေနုစိန်အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။
အလားတူ တရုတ်နိုင်ငံ ရွှေလီမြို့ နောင်ငင်ရွာနေ
နန်းဆိုင်ခမ်း (ခ) မားမား၊ တရုတ်နိုင်ငံ အန်းဟွေးပြည်နယ် ဖုရန်းမြို့နေ GAO
FENGYING (ကောင်းဖိန်းရင်)၊ ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်နှင့်
မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်နေ မေထက်နိုင်ဦး (ခ) ထက်ထက်တို့က
လယ်ဝေးမြို့နယ်နေ မ----၊ ၁၉/၂၄ နှစ်အား တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယား အဖြစ်ဆောင်ရွက်ပါက
ငွေကျပ်သိန်း ၁၀၀ ရရှိမည်၊ တစ်နှစ်နေပြီးပါက မြန်မာနိုင်ငံသို့ ပြန်လာရမည်၊ ကလေးမွေးပေးရမည်ဟု
ပြောဆိုစည်းရုံးပြီး တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရောင်းစားရန် စီစဉ်ခဲ့ကြသဖြင့် လေဆိပ်နယ်မြေရဲစခန်း(ပ)
၂၃/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)/၄၄ ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။
အဆိုပါအမှုအား တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ ဇန်နဝါရီ ၃၀ ရက်တွင်
တရားခံနန်းဆိုင်ခမ်း (ခ) မားမားနှင့် ကောင်းဖိန်းရင်တို့ နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး
ဥပဒေပုဒ်မ ၃၈ (က) အရ အလုပ်နှင့် ထောင်ဒဏ်နှစ် (၂၀) စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း
သိရသည်။
ထို့အတူ တရုတ်နိုင်ငံ ရွှေလီမြို့ နောင်ငင်ရွာနေ
နန်းဆိုင်ခမ်း (ခ) မားမား၊ မကွေးတိုင်းဒေသကြီး ဆင်ပေါင်ဝဲမြို့နယ်နေ ချစ်ထူး၊ ပဲခူးတိုင်းဒေသကြီး
ပဲခူးမြို့ရပ်ကွက်ကြီး (၁) နေ ဇင်သူခိုင်၊ မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သံလျက်မော်တောင်ရပ်ကွက်နေ
မေထက်နိုင်ဦး (ခ) ထက်ထက်နှင့် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် သံလျက်မော်အရှေ့ရပ်ကွက်နေ
ကောင်းထက်ကျော် (ခ) ဖိုးစည်တို့က ညောင်ရွှေမြို့နယ်နေ မ----၊ ၂၈/၂၄ နှစ်နှင့် တောင်ဒဂုံမြို့နယ်နေ
မ----၊ ၂၃/၂၄ နှစ်တို့ နှစ်ဦးအား တရုတ်နိုင်ငံ၌ တရုတ်ဇနီးမယားအဖြစ် ဆောင်ရွက်ပါက ငွေကျပ်သိန်း
၈၀ ရရှိမည်၊ ပတ်စ်ပို့ပြုလုပ်ပေးမည်၊ ခရီးစရိတ်ကုန်ကျခံပေးမည်ဟု ပြောဆိုစည်းရုံးပြီး
တရုတ်ဇနီးမယားအဖြစ် ပို့ဆောင်ရန်အတွက် စည်းရုံးသိမ်းသွင်းထားရှိပြီး အကျိုး အမြတ်ရယူဆောင်ရွက်ခဲ့ကြသဖြင့်
လေဆိပ်နယ်မြေရဲစခန်း (ပ) ၂၄/ ၂၀၂၄၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈(က)/၄၄
ဖြင့် အမှုဖွင့်လှစ်ခဲ့သည်။ အဆိုပါအမှုအား တံတားဦးခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ခဲ့ရာ
ဇန်နဝါရီ ၃၀ ရက်တွင် တရားခံ နန်းဆိုင်ခမ်း (ခ) မားမားနှင့် ချစ်ထူးတို့နှစ်ဦးအား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ
၃၈(က)/၄၄ အရ အလုပ်နှင့် ထောင်ဒဏ်နှစ်(၂၀)စီ ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments