တဘူးလှဆည်မှ နွေစပါးစိုက်ခင်းဧက ၂၉၅၇၀ အတွက် စိုက်ပျိုးရေ စတင်ပေးဝေ




ရန်ကုန် ဖေဖော်ဝါရီ ၃

တဘူးလှဆည်၏ မြောင်းမကြီးနှစ်ခုမှ ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင်အတွင်းရှိ တောင်သူများ၏ နွေစပါးစိုက် ဧက ၂၉၅၇၀ အတွက် စိုက်ပျိုးရေကို ဇန်နဝါရီ ၁ ရက်မှ စတင်ပေးဝေခဲ့ပြီး ဧပြီလကုန်ပိုင်း အောင်ရေရရှိသည့်အထိ ပေးဝေသွားမည်ဖြစ်ကြောင်း တိုက်ကြီးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။

“တိုက်ကြီးခရိုင်အတွင်းက တိုက်ကြီး၊ ဥက္ကံနဲ့ အဖျောက်မြို့တွေက နွေစပါးစိုက်‌ဧက ၂၉၅၇၀ ကို တဘူးလှဆည်ကနေ စိုက်ပျိုးရေပို့လွှတ်နေပါပြီ။ ကျွန်တော်တို့ ဌာနရဲ့ အဓိကတာဝန်က ရေဘေး ကာကွယ်ရေးနဲ့ စိုက်ပျိုးရေပေးဝေရေးဖြစ်ပါတယ်။ တစ်နှစ်ထက် တစ်နှစ် နွေစပါး စိုက်ပျိုးမှုတိုးလာတဲ့ အပေါ် စိုက်ပျိုးရေပိုပြီး ပို့လွှတ်နိုင်တဲ့အတွက် တောင်သူတွေရဲ့ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလိုတိုးတက်လာတဲ့အတွက် နိုင်ငံတော်ရဲ့ စီးပွားရေးလည်း ဖွံ့ဖြိုးတိုးတက် လာမှာဖြစ်ပါတယ်။ ဒါကြောင့် မနှစ်ကထက် ဒီနှစ်မှာ နွေစပါးတိုးမြှင့် စိုက်ပျိုးနိုင်အောင် ဆည်‌ရေ သောက်စနစ် ပြုပြင်ရေးလုပ်ငန်းတွေ တိုးမြှင့်လုပ်ဆောင်ခဲ့ပါတယ်။” ဟု တိုက်ကြီးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းထွန်းဦးက ပြောသည်။

ယမန်နှစ်က တိုက်ကြီးခရိုင်အတွင်း နွေစပါး ၂၉၁၇၄ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ်တွင် နွေစပါးစိုက်ဧက ၂၉၅၇၀ တိုးတက်စိုက်ပျိုးခဲ့ကြောင်း တိုက်ကြီးခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာနမှ သိရသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ယမန်နှစ်က နွေစပါးဧက ၂၅၀,၈၉၆ ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီ ပထမအပတ်အထိ နွေစပါး ၂၀၇,၂၈၇ ဧက စိုက်ပျိုးထားပြီးဖြစ်ကာ စပါးစိုက်ပျိုးမှုအနေဖြင့် တိုင်းဒေသကြီးအတွင်း ခရိုင်ပေါင်းရှစ်ခုရှိ မြို့နယ်ပေါင်း ၁၇ မြို့နယ်တို့တွင် ရက် ၉၀၊ ဆင်းသုခ၊ ရတနာတိုးနှင့် ကောက်ညှင်းတို့ကို ဧကအများဆုံး စိုက်ပျိုးမှုရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအတွင်းရှိ ဆည်/ ကန်/ တမံဖြစ်သည့် တဘူးလှ၊ ပေါင်းလင်း၊ လဂွမ်းပြင်၊ မဟူရာ၊ ငမိုးရိပ်၊ ကလီထော်၊ တောင်လုံးမြောင်၊ ဘန့်ဘွေးကုန်းနှင့် ဇာမဏီအင်းတို့မှ နှစ်စဉ်စိုက်ပျိုးရေနှင့် မြို့ပြသောက်သုံးရေ အထောက်အပံ့အဖြစ် ပေးဝေလျက်ရှိပြီး တဘူးလှဆည်သည် စိုက်ပျိုးရေအများဆုံး ပေးဝေလျက်ရှိကြောင်း သိရသည်။

ညိမ်းသူ(သတင်းစဉ်)၊
ဓာတ်ပုံ - ကနူး


No comments

Powered by Blogger.