တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လိုင်စင်မဲ့ မော်တော်ယာဉ်နှင့် တရားမဝင် ကုန်ပစ္စည်းတင် မော်တော်ယာဉ်များ ဖမ်းဆီးရမိ





နေပြည်တော်၊ ဖေဖော်ဝါရီ ၃

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
ဇန်နဝါရီ ၃၁ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပခုက္ကူမြို့နယ်၊ မြိုင်- ပခုက္ကူ ကားလမ်းအနီး၌ မော်တော်ယာဉ်နှစ်စီးပေါ်မှ တရားမဝင်ကျွန်းသစ်( ၀ ဒသမ ၄၆၀၂)တန်၊ အခြားသစ် (၀ ဒသမ ၅၄၉) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၂,၀၂၅,၀၀၀) နှင့် အဆိုပါသစ်များ တင်ဆောင်လာသည့် Canter Truck တစ်စီး၊ Hino Truck တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀)၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၂,၀၂၅,၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက် ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီ ၂ ရက်တွင် မွန်ပြည်နယ် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်းစစ်ဆေးရေးဂိတ်၌ မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက်ကုန်ပစ္စည်း (၁၂) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅,၉၄၇,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Scania Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀,၀၀၀,၀၀၀) ကိုလည်းကောင်း၊ မော်လမြိုင်မြို့နယ်၊ ဖားအောက်ရပ်ကွက်၊ ကော့ခမယ်လမ်းမ၊ လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက်ခွန်မဲ့ စားသောက်ကုန်ပစ္စည်း တစ်မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၉၆,၆၀၀,၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၄၂,၅၄၇,၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဖေဖော်ဝါရီ ၃ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မုံရွာမြို့၊ ချင်းတွင်းမြစ်ကမ်းစပ်၊ ၉၂၉ ရေဆိပ်၌ တရားမဝင် စက်သုံးဆီ ဒီဇယ်ဆီ (ချက်ဆီ) (၇၃) ပေပါ (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁,၀၉၆,၀၀၀) ကို ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း၊ စစ်ကိုင်းမြို့၊ ကံတလူ ပူးပေါင်းစစ်ဆေးရေးဂိတ်၌ လိုင်စင်မဲ့ Toyota Wish မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၆,၀၀၀,၀၀၀) ကို ပို့ကုန်သွင်းကုန် ဥပဒေအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၇,၀၉၆,၀၀၀) ကို ဖမ်းဆီးအရေး ယူဆောင်ရွက်လျက်ရှိသည်။


အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျ ပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ညောင်လေးပင်ခရိုင်နှင့် ပြည်ခရိုင် တို့အတွင်း၌ တရားမဝင် သစ်မာ (၂ ဒသမ ၉၀၈) တန်၊ အခြားသစ် (၀ ဒသမ ၄၇၂) တန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၇၇၈,၅၀၂) ကို သစ်တောဥပဒေအရလည်းကောင်း၊ ဘုရားကြီးမြို့၊ ရွှေသံလွင် တိုးဂိတ်အနီး၌ မော်လမြိုင်မြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် စားသောက် ကုန်ပစ္စည်း လေးမျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆,၅၆၀,၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်‌ဆောင် လာသည့် Sunglong Bus တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၀,၀၀၀,၀၀၀) ကို အကောက်ခွန် လုပ်ထုံးလုပ်နည်းများအရလည်းကောင်း၊ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈,၃၃၈,၅၀၂) ကို ဖမ်းဆီးအရေးယူ ဆောင်ရွက်လျက်ရှိသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက်၊ ဖေဖော်ဝါရီ ၂ ရက်နှင့် ၃ ရက်တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၀) မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀,၀၀၆,၅၀၂) ကို ဖမ်းဆီးရမိခဲ့သည်။ တရားမဝင် ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ စျေးကွက်အတွင်း မျှတစွာယှဉ်ပြိုင်နိုင်မှု မရှိခြင်းနှင့် စျေးကွက် ပျောက်ဆုံးခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေသည်။ သို့ဖြစ်၍ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယခုထက် ပိုမို၍ တားဆီးစစ်ဆေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင် ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.