ညီရင်းအစ်ကိုမောင်ရင်းနှမစိတ်ဓာတ်ဖြင့် အခက်အခဲများရှိချိန်တွင်ကူညီ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ အား မြှင့်တင်၍ နိုင်ငံ့စီးပွားမြင့်မားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး၏ လူမှုစီးပွားမြင့်မားရေး ဆက်လက်ကြိုးပမ်း ဆောင်ရွက်နေသည်။ အဓိကမှာ နိုင်ငံ့စီးပွားမြင့်မားရေးဖြစ်သည်။ စီးပွားရေး ခိုင်မာတောင့်တင်းပါမှ၊ စီးပွားရေးကောင်းမွန်ပါမှ နိုင်ငံရေး၊ လူမှုရေး၊ ကာကွယ်ရေးစွမ်းအားများ ကောင်းမွန်လာအောင် ဆောင်ရွက်နိုင်ပြီး ပြည်သူလူထုလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည်။
မျက်မှောက်ကာလတွင် နိုင်ငံတည်ဆောက်ရေး၊
ပြန်လည်ထူထောင်ရေး၊ ပြည်သူလူထုအကျိုး ဆောင်ရွက်ပေးရန်အတွက်
စီးပွားရေးအင်အားကောင်းမွန်လာအောင် ကြိုးပမ်းဆောင်ရွက်နေသည်။ ပြည်သူလူထုအကျိုး
ဆောင်ရွက်ပေးရေး၌ ပြီးခဲ့သည့်ကာလများအတွင်းက ဖြစ်ပေါ်ခဲ့သည့် သဘာဝဘေး အန္တရာယ်များနှင့်
သဘာဝဘေးအန္တရာယ်တွင်အကျုံးဝင်သည့် လက်နက်ကိုင် ဘေးအန္တရာယ်များကြောင့် ပြည်သူလူထု
အတိဒုက္ခရောက်ခဲ့ရသည့် အသက်အိုးအိမ်စည်းစိမ်များ၊ ခေတ္တနေရပ်စွန့်ခွာရသည့်
ဒုက္ခအခက်အခဲများကို ကူညီဖေးမဆောင်ရွက်ပေးနိုင်ရန်အတွက် လတ်တလော
ဆောင်ရွက်ပေးရမည့်လုပ်ငန်းများကို စီစဉ်လျက်ရှိသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်
၂၀၂၄ ခုနှစ် စက်တင်ဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ရာဂီမုန်တိုင်းနှင့် ဆက်စပ်သည့်
မိုးသည်းထန်စွာရွာသွန်းခဲ့မှုများကြောင့် ပြည်နယ်နှင့်တိုင်းဒေသကြီး ရှစ်ခုရှိ
မြို့နယ် ၁၀၆ မြို့နယ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သည်။ ထိုသဘာဝဘေးကြောင့်
ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ဆုံးရှုံးမှုများ၊ သေဆုံးမှုများအတွက်
ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အမြန်ဆုံး ဆောင်ရွက်ပေးနိုင်ရန် နိုင်ငံတော်အကြီးအကဲကိုယ်တိုင်
သဘာဝဘေးဖြစ်ပွားရာဒေသများသို့ လိုက်လံ စစ်ဆေးခဲ့ပြီး ပြည်သူများအား
အားပေးစကားများပြောကြားခဲ့ကာ စားသောက်ဖွယ်ရာပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်တည်ဆောက် ရေးလုပ်ငန်းများကို ထိထိရောက်ရောက်
အမြန်ဆုံးဆောင်ရွက်နိုင်အောင် ကြပ်မတ် ဆောင်ရွက်ခဲ့သည်။
ဖြစ်ပွားခဲ့သည့် သဘာဝဘေးအတွင်း
သေဆုံးခဲ့ရသူဦးရေ ၄၄၀ ကျော်အတွက် ငွေကျပ် ၄၄၇ ဒသမ ၁ သန်း ထောက်ပံ့ပေးခဲ့သည်။ လူနေအိမ်ပျက်စီးမှုများအတွက်
ငွေကျပ် ၂၁ ဒသမ ၂ ဘီလီယံကျော်နှင့် အခြားထောက်ပံ့ခြင်းများအဖြစ် ငွေကျပ် ၃၈ ဒသမ ၉
ဘီလီယံကျော် ထောက်ပံ့ပေးနိုင်ခဲ့သည်။ ထို့အပြင် သောင်းကျန်းသူ
အဖျက်သမားများလက်ချက်ကြောင့် တိုက်ပွဲရှောင်ပြည်သူများ အင်အား စာရင်းကိုလည်းပြုစုကာ
ထောက်ပံ့ပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိသည်။ သဘာဝဘေး အန္တရာယ်ဆိုင်ရာ
စီမံခန့်ခွဲမှုဥပဒေအရ အကြမ်းဖက်မှု၊ လက်နက်ကိုင် သောင်းကျန်းမှုများကြောင့်
ပြည်သူများ၏ ဆုံးရှုံးမှုများသည်လည်း သဘာဝဘေးအန္တရာယ်သတ်မှတ်ချက်များတွင်
အကျုံးဝင်သည်။
ထို့ကြောင့် နိုင်ငံတော်အနေဖြင့်
တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့ ပေးသွားမည်ဖြစ်သည်။ နိုင်ငံတော်အစိုးရက
ဒုက္ခအခက်အခဲရောက်နေသော ပြည်သူများအား ယခုကဲ့သို့ အင်တိုက်အားတိုက် ကူညီ ဆောင်ရွက်ပေးခဲ့သကဲ့သို့
နိုင်ငံတစ်ဝန်းရှိ အလှူရှင်များ၊ ပြည်တွင်း/ပြည်ပမှ အဖွဲ့အစည်းများ ကလည်း
တတ်နိုင်သရွေ့ ပါဝင်လှူဒါန်းခဲ့ကြခြင်းကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့်
ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်နှင့် မြန်မြန်ဆန်ဆန် ဆောင်ရွက် ပေးနိုင်ခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံတည်ဆောက်ရေး၊ ပြန်လည် ထူထောင်ရေးနှင့်ပြည်သူလူထု၏
လူမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးကို
အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာအောင်ဆောင်ရွက်ပြီး
နိုင်ငံ့စီးပွားရေး တောင့်တင်းခိုင်မာအောင် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံသည်
တိုင်းရင်းသားလူမျိုး ၁၀၀ ကျော် စုစည်းနေထိုင်သော ပြည်ထောင်စုနိုင်ငံဖြစ်သည်။
ရှေးအစဉ်အဆက် တိုင်းရင်းသားလူမျိုးအချင်းချင်း မရှိအတူရှိအတူ အေးအတူပူအမျှ အတူတကွ
နေထိုင်ခဲ့ကြသည်။ တိုင်းရင်းသားလူမျိုး အချင်းချင်း
ဖေးမကူညီလက်တွဲဆောင်ရွက်ခဲ့ကြသည်။ နိုင်ငံတော်အစိုးရအနေဖြင့် တိုင်းပြည်အကျိုး၊ တိုင်းရင်းသားပြည်သူများအကျိုးကို
အလေးထားပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် သာယာဝပြောရေးကို
ဦးစားပေးဆောင်ရွက်လျက်ရှိသည်။ တိုင်းရင်းသားပြည်သူအချင်းချင်း
စာနာစိတ်ထားကင်းမဲ့စွာဖြင့် တိုက်ခိုက်ဖျက်ဆီးခံရသော ပြည်သူများအား ပစ်ပယ်မထားဘဲ
မွန်မြတ်သောစိတ်ထားဖြင့် တတ်နိုင်သရွေ့ ဖေးမကူညီ ဆောင်ရွက် ပေးလျက်ရှိသည်။
သို့ဖြစ်ရာ
နိုင်ငံတော်အစိုးရအနေဖြင့် ယခုကဲ့သို့ နိုင်ငံသားအချင်းချင်း သဘာဝဘေးအန္တရာယ်များ
ကြုံရချိန်၊ ပြည်သူများ အခက်အခဲများ ကြုံတွေ့နေရချိန်တွင် စွမ်းအားရှိသရွေ့၊
မြန်မာနိုင်ငံသား ပြည်သူများအနေဖြင့် မိမိတို့တတ်နိုင်သလောက်
ပါဝင်ကူညီခဲ့ကြခြင်းသည် မိမိတို့နိုင်ငံသားများ အကြားတွင်ရှိနေသည့် ညီရင်း အစ်ကို
မောင်ရင်းနှမစိတ်ဓာတ်၊ အမျိုးကိုချစ်သည့် စိတ်ဓာတ်များကို ဖော်ထုတ်ပြသနိုင်ခြင်းဖြစ်သောကြောင့်
မြန်မာနိုင်ငံအတွက် များစွာဂုဏ်ယူဝမ်းမြောက်ဖြစ်ရပါ ကြောင်း။ ။

No comments