အေအိုင်ပြိုင်ဆိုင်မှု ခြေလှမ်းသစ်
နီဇော်သစ်
၂၀၂၅ ခုနှစ်သည် နှစ်စပိုင်းမှာပင်
နည်းပညာပြိုင်ဆိုင်မှုများဖြင့် စိတ်လှုပ်ရှားစရာကောင်းနေသည်။ ဇန်နဝါရီ ၁၆ ရက်တွင်
ကမ္ဘာ့အချမ်းသာဆုံး ဘီလျံနာကြီးနှစ်ဦးဖြစ်သော အီလွန်မက်စ်နှင့်
ဂျက်ဖ်ဘီဇော့စ်တို့၏ ဒုံးပျံအသီးသီးလွှတ်တင်မှုတို့ကို အာကာသပြိုင်ဆိုင်မှုအဖြစ်
တွေ့မြင်ခဲ့ရသည်။ ဇန်နဝါရီ ၂၇ ရက်တွင်မူ အေအိုင်ပြိုင်ဆိုင်မှုအသစ်တစ်ခု
စတင်ခဲ့ပြီး အေအိုင်လောက၏ လားရာကိုပင်
ပြောင်းလဲသွားစေနိုင်မလားဆိုသည့်မေးခွန်းများ ထွက်လာသည်အထိ သက်ရောက်မှုရှိခဲ့သည်။
ယင်းနေ့တွင် တရုတ်အေအိုင် app
တစ်ခု ဖြစ်သော DeepSeek သည် လက်ရှိနာမည်အကြီးဆုံး အမေရိကန်အေအိုင် ChatGPT ကို
ကျော်ဖြတ်ကာ အသုံးပြုသူအများဆုံး app အဖြစ် ရောက်ရှိခဲ့သည်။
စစ်ဆေးအသုံးပြုမှုများအရ DeepSeek သည် လက်ရှိဈေးကွက်ကို ဦးဆောင်နေသော ChatGPT ကို
အစစအရာရာ ယှဉ်နိုင်သည်။ ထူးခြားချက်မှာ DeepSeek သည် အရင်းအမြစ်အသုံးပြုမှု သိသိသာသာ
နည်းပါးခြင်းဖြစ်သည်။ တွက်ချက်မှုအတွက် ဂျီပီယူ ၂၀၀၀ ဝန်းကျင်သာ အသုံးပြုထားပြီး
လေ့ကျင့်ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅၈ သန်းသာရှိ၍ အမေရိကန်
အေအိုင်ကုမ္ပဏီကြီးများ၏ အသုံးစရိတ်နှင့်ယှဉ်လျှင် အဆရာဂဏန်း ပိုနည်းနေသည်။
DeepSeek ၏ ကုန်ကျစရိတ်နည်းပြီး
စွမ်းဆောင်ရည်မြင့်မားမှုသည် အမေရိကန်ရင်းနှီး မြှုပ်နှံသူတို့ကို ရုတ်တရက်
စိုးရိမ်စိတ်ဝင်သွားစေပြီး နည်းပညာလုပ်ငန်းကြီးများမှ ရှယ်ယာများကို
ပြန်ရောင်းထုတ်ခဲ့ကြရာ အင်န်ဗီးဒီးယား၊ မိုက်ခရိုဆော့ဖ်၊ အယ်လ်ဖာဘက်တို့ကဲ့သို့
နာမည်ကျော် လုပ်ငန်းကြီးများသည် ရှယ်ယာတန်ဖိုး သိသိသာသာကျဆင်းမှုနှင့်
ကြုံတွေ့ခဲ့ရသည်။ နက်စ်ဒက် ၁၀၀ ညွှန်းကိန်းတွင် ၃ ဒသမ ၆ ရာခိုင်နှုန်း
ကျဆင်းသွားရာ ဈေးကွက်ဆုံးရှုံးမှု အမေရိကန်ဒေါ်လာ တစ်ထရီ လီယံနီးပါးရှိခဲ့သည်။
ထိုအချက်အလက်တို့ကို
ဗြိတိန်အခြေစိုက် သတင်းဌာနဖြစ်သည့် ဂါးဒီးယန်းနှင့် ဝီကီပီးဒီးယားတို့မှ
ယူထားခြင်းဖြစ်သည်။ အတိုချုပ်ပြောရလျှင် တရုတ်အေအိုင်တစ်ခုပေါ်လာပြီး ဈေးကွက်လက်ဦး
ထားသော အမေရိကန်အေအိုင်ကို ရင်ပေါင်တန်းလာသောကြောင့် အမေရိကန်နည်းပညာလောက
တစ်ခုလုံး ဂယက်ရိုက်သွားသည်ဆိုသည့်အချက်မှာ ထူးသော်လည်း မဆန်းဟုဆိုနိုင်သည်။
နည်းပညာ လောကတွင် အကြံတူ နောက်လူသာစမြဲ။ နောက်လူက သာသောအချက်တွင်
ကုန်ကျစရိတ်နည်းသွား ခြင်းလည်း ပါဝင်သည်။ ယင်းအချက်မှာ နည်းပညာနှင့်ထိစပ်နေသော
လူသားတိုင်းအတွက် ဝမ်းမြောက် ဖွယ်သတင်းလည်းဖြစ်၏။
ကျွန်တော်သည် ချက်ဂျီပီတီ
ပေါ်စကတည်းက သေသေချာချာ စမ်းသုံးဖြစ်ခဲ့သည်။ အချက်အလက် စစ်ဆေးတွက်ချက်မှုတစ်ခုကို
နေ့စဉ်နီးပါးစမ်းကြည့်ခဲ့သလို ပရိုဂရမ်ရေးခိုင်းခြင်း၊ အက်ဆေး ရေးခိုင်းခြင်း၊
သတင်းအချက်အလက် ရှာဖွေစုဆောင်းခိုင်းခြင်းတို့ကို စမ်းသပ်ခဲ့သည်။ အတော်လေး
အသုံးဝင်ခဲ့သည်။ သို့သော်အဓိကပြဿနာမှာ ချက်ဂျီပီတီ၏ အပြောအတိုင်းပြောရလျှင် အရင်းအမြစ်အသုံးပြုမှု
အကန့်အသတ်ရှိခြင်းဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ပိုက်ဆံတောင်းခြင်းသာ။ သူတို့
တောင်းသည့် လစဉ်ကြေးက မများလှဟုဆိုနိုင်သည်။
ဒိဆိခ်ပေါ်လာချိန်တွင်
ချက်ဂျီပီတီကို စမ်းသည့်အတိုင်း စမ်းကြည့်သည်။ အကုန်လုံး အဆင်ပြေသည်။
ပိုအဆင်ပြေသည့်အချက်မှာ ပိုက်ဆံမတောင်းခြင်းပင်။ အထူးသဖြင့် အချက်အလက်
စစ်ဆေးတွက်ချက်မှုတွင် အချက်အလက်များသွားချိန်၌ ဂျီပီတီက အလုပ်မဖြစ်တော့။
သူ့အရင်းအမြစ် အကန့်အသတ်ကို ပြည့်မီသွားပြီဟုဆိုသည်။ ဒိဆိခ်က ထိုသို့မဟုတ်။
ဆိုလိုသည်မှာ ဂျီပီတီက ပိုက်ဆံယူပြီး လုပ်ပေးသည့်အပိုင်းတို့ကို ဒိဆိခ်က
အခမဲ့လုပ်ပေးသည့်သဘောဖြစ်သည်။ ထို့ကြောင့် ဝမ်းမြောက်ဖွယ်သတင်းဟု ဆိုရခြင်းပင်။
နည်းပညာပြိုင်ဆိုင်မှုတွင်သာမက မည်သည့် စီးပွားရေး လောကတွင်မဆို
အရည်အချင်းတူပြိုင်ဘက်က ဈေးလျှော့ပေးလာလျှင် ဈေးကွက်မည်မျှ ဦးဆောင်ထားပါစေ
တင်းခံနိုင်ဖို့မလွယ်။ ထို့ကြောင့် ပိုက်ဆံမပေးရဘဲ ပိုကောင်းသည့် အေအိုင်တို့ကို
သုံးနိုင်လာတော့မည့် အလားအလာဖြစ်သည်။
ထို့ပြင် နည်းပညာတို့၏ အတိုင်းမသိ
ပျံ့နှံ့တတ်သည့်သဘောနှင့်လည်း တစ်ထပ်တည်းကျသည်။ ပျံ့နှံ့မှုတွင် အခရာကျသည်မှာ
အသုံးပြုရသည့်စရိတ်ဖြစ်သည်။ ကုန်ကျစရိတ်နည်းလေလေ လူများများ
အသုံးပြုနိုင်လေလေဖြစ်ပြီး နည်းပညာ ပိုမိုပျံ့နှံ့လေလေဖြစ်သည်။ ယခု
အေအိုင်နည်းပညာသည်လည်း ထိုလမ်းကြောင်းထဲသို့ ခပ်မြန်မြန်ဝင်ရောက်လာပြီ။
ထိုသို့ဖြစ်၍ တရုတ်ကုမ္ပဏီက တော်လွန်းပြီး အမေရိကန်တို့ ညံ့သွားသည်လားဆိုတော့
ထိုသို့ မဟုတ်။ အရင်ဆုံးတီထွင်သူတို့သည် ကုန်ကျစရိတ် ပိုများစမြဲဖြစ်သည်။
ထို့ပြင် အေအိုင်နည်းပညာသည်
ဒီမိုကရက်တစ် ဆန်ရမည်၊ တစ်နည်းအားဖြင့် လူတိုင်းသိခွင့်ရှိရမည် ဆိုသည့်
အမေရိကန်နည်းပညာလုပ်ငန်းကြီးများ၏ သဘောထားကြောင့် နည်းပညာပိုင်းဆိုင်ရာ
လျှို့ဝှက်ချက် သိပ်များများစားစားမရှိ။ ပွင့်လင်းအရင်းအမြစ်များမှ လူတိုင်းဝင်ယူနိုင်သည်။
မိုက်ခရိုဆော့ဖ် အေအိုင်စီအီးအို မူဆတာဖာ ဆူလီမန်၏ စကားအတိုင်းဆိုလျှင်
လျှို့ဝှက်ထား၍ လည်းမရ၊ နေ့ချင်းညချင်း အဟက်ခံရပြီး ပွင့်လင်းအရင်းအမြစ်များထဲသို့
ရောက်သွားမြဲ။
ထို့ကြောင့်
ကုန်ကျစရိတ်နည်းသွားသည်မှာလည်း မဆန်း။ အကြံတူ နောက်လူသာခြင်းမှာလည်း မဆန်း။
ဦးစီးရှေ့ဆောင်လုပ်ငန်းကြီးများ ဂယက်ထသွားသည်မှာလည်းမဆန်း။ စိတ်ဝင်စားဖို့ ကောင်းသည်မှာ
နည်းပညာဘီလူးကြီးများက ဘယ်လိုတုံ့ပြန်မလဲဆိုသည့်အချက်ဖြစ်သည်။
လောလောဆယ် လက်ဦးမှုရထားသည်မှာ
မိုက်ခရိုဆော့ဖ်။ ဇန်နဝါရီ ၂၉ ရက်တွင် Deep Seek-R1 မိုဒယ်ကို Windows ၏ Copilot
အေအိုင်တွင် အသုံးပြုသွားမည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ ကိုပိုင်းလော့ကို
အိုးပင်းအေအိုင်နှင့် မိုက်ခရိုဆော့ဖ်တို့က ၂၀၂၂ ခုနှစ်မှစ၍ ဝင်းဒိုးစ်တွင်
စတင်ထည့်သွင်းခဲ့ခြင်းဖြစ်သည်။ ပရိုဂရမ်ကုတ်ရေးသူများအတွက် အလွန်အသုံးတည့်ခဲ့ပြီး
ကုတ်ရေးရာတွင် ၅၅ ရာခိုင်နှုန်းပိုမိုမြန်ဆန်သွားစေခဲ့သည်ဟု ဆိုကြသည်။ ဒုတိယ
ဦးနှောက်တစ်လုံး ရလာသလိုဟုပင် တင်စားကြသည်။ ယခုကိုပိုင်းလော့တွင် ဒိဆိခ်ကိုအားဖြည့်ထည့်သွင်းရန်
မိုက်ခရိုဆော့ဖ်က စီစဉ်လာခြင်းဖြစ်သည်။
ထိုအေအိုင်သည် ကွာလ်ကွန်းကုမ္ပဏီ၏
စနပ်ဒရက်ဂွန် အိက်စ်ချစ်ပ်အသစ်များ ပါဝင်လာမည့် ကွန်ပျူတာများတွင်
စတင်ပါဝင်လာတော့မည် ဖြစ်သည်။ နောက်ပိုင်းချစ်ပ်များတွင် ပါဝင်လာသည့် နျူရယ်
ပရိုဆက်ဆင်းယူနစ် (Neural Processing Units)တို့၏ စွမ်းဆောင်ရည်ကို
ပိုမိုကောင်းမွန်ရန် ကုန်ကျစရိတ်နည်းသည့် အေအိုင်မိုဒယ်ကို
ထည့်သွင်းလိုက်ခြင်းဟုလည်း ဆိုနိုင်သည်။ Windows 11 အတွက် ဘာသာစကားအသေးစား
မိုဒယ်ဖြစ်သော ဖိုင်ဆီလီကာထံမှ ဒိဆိခ်က သင်ယူ ပြီး ဝင်းဒိုးစ်ကို ပိုကောင်းအောင်
ပံ့ပိုးပေးမည်ဟု မိုက်ခရိုဆော့ဖ်က ဆိုသည်။
ဒိဆိခ်ကို
မိုက်ခရိုဆော့ဖ်ကိုင်တွယ်ပုံက ပညာသားပါသည်။ တစ်ဖက်တွင် ချက်ဂျီပီတီ ပိုင်ဆိုင်သောမိုဒယ်များကို
ဒိဆိခ်က ခွင့်ပြုချက်မယူဘဲ လေ့ကျင့်ခဲ့သည်ဟု စွပ်စွဲထားပြီး အိုးပင်းအေအိုင်ရော
မိုက်ခရိုဆော့ဖ်ကပါ စုံစမ်းစစ်ဆေးမှုများ လုပ်နေပြီဖြစ်သည်။ ထို့ကြောင့်
အေအိုင်လောက၏ ပြိုင်ဆိုင်မှု က စိတ်ဝင်စားဖို့ ပိုကောင်းသည်ထက် ကောင်းလာလျက်ရှိသည်။
။
Ref: theguardian.com
wikipedia.com
reuters.com
The Coming Wave by Mustafa
Suleyman

No comments