ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးသူ များပြားလာ
ပေါင်းတည် ဖေဖော်ဝါရီ
၃
ပဲခူးတိုင်းဒေသကြီး
ပေါင်းတည်မြို့နယ်၌ ကောက်စိုက်စက်များဖြင့် နွေစပါးစိုက်ပျိုးမည့် တောင်သူများသည် မျိုးကောင်းမျိုးသန့်
မျိုးစေ့များရွေးချယ်၍ ပေါင်စနစ်ဖြင့် ပျိုးထောင်လျက်ရှိကြကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ
သိရသည်။
ယခုနှစ်တွင် ကောက်စိုက်စက်ကြီးများဖြင့်လည်းကောင်း၊
လေးတန်းသွား၊ ခြောက်တန်းသွားလက်ဆွဲ ကောက်စိုက်စက်များဖြင့်လည်းကောင်း နွေစပါးစိုက်ပျိုးသူ
များပြားလာကြောင်းသိရပြီး ထိုသို့ ကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့်တောင်သူများသည်
ဦးစွာ မျိုးစေ့ရွေးချယ်၍ ပျိုးဗန်းများ၊ ပျိုးပေါင်များဖြင့် ပျိုးထောင်ကာ သတ်မှတ်ပျိုးသက်တမ်းပြည့်လျှင်
ကောက်စိုက်စက်ထဲ ထည့်သွင်းစိုက်ပျိုးကြသည်။
ယင်းသို့ ပျိုးပေါင်များဖြင့်
ပျိုးပင်ထောင်ရာ၌ အထွက်ကောင်း မျိုးကောင်းမျိုးသန့် စပါးမျိုးစေ့(RS)များကို အသုံးပြုကြကြောင်း၊
တစ်ဧကစိုက်ခင်းအတွက် စပါးအမျိုးအစားအလိုက် မျိုးစေ့ ခုနစ်ပြည်၊ ရှစ်ပြည်ခန့် မျိုးညှောင့်ဖောက်ပေးရကြောင်း၊
မျိုးစေ့တစ်ပြည်လျှင် ပျိုးပင်သုံးသိန်းခန့် ရရှိနိုင်ကြောင်း၊ ပျိုးပေါင်တင်ရာတွင်
ညီညာသော အောက်ခြေမျက်နှာပြင်ပေါ်တွင် ပျိုးပေါင်များပြုလုပ်၍ ပျိုးထောင်ရကြောင်း၊ မျိုးစေ့များ
လေလွင့်ပျက်စီးဆုံးရှုံးမှု မရှိစေရေးအတွက် သဘာဝမြေဩဇာမှုန့် သို့မဟုတ် မြေဆွေး၊ နွားချေးမှုန့်၊
ဖွဲပြာ၊ လွှစာမှုန့်၊ တမန်းမြေများဖြင့် ခပ်ပါးပါးဖုံးအုပ်ပေးထားရပြီး နေ့စဉ်ရေမှန်မှန်
လောင်းပေးရကြောင်း ကောက်စိုက်စက်ဖြင့် စပါးစိုက်ပျိုးနေသူ တောင်သူတစ်ဦးက ပြောသည်။
တောင်သူများအနေဖြင့်
ပေါင်စနစ်ပျိုးထောင်ကာ ကောက်စိုက်စက်များဖြင့် စိုက်ပျိုးပါက အချိန်တိုအတွင်း ပြီးစီးနိုင်ခြင်း၊
လုပ်အားခအပါအဝင် အထွေထွေကုန်ကျစရိတ်များ သက်သာစေခြင်းအပြင် စိုက်ခင်းမြေဆီမြေနှစ် ယုတ်လျော့မှုနည်းပါးခြင်းကြောင့်
ကောက်ပင်များသည် မြေဆီဩဇာလုံလောက်စွာ ရရှိကာ အရည်အသွေးမြင့် စပါးများသီး၍ အထွက်နှုန်းလည်း
ကောင်းမွန်လာမည်ဖြစ်ကြောင်း သိရသည်။
ရွှေသား(IPRD)

No comments