ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၄ မြို့နယ်၏ စဉ်ဆက်ပညာရေး ဆောင်ရွက်နေမှု ဖေဖော်ဝါရီ ၅ ရက်တွင် ပြီးမြောက်မည်
နေပြည်တော် ဖေဖော်ဝါရီ ၁
စာတတ်မြောက်ရေးလုပ်ငန်းကို ရှေ့ပြေးဆောင်ရွက်ခဲ့သည့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တို့တွင် နောက်ဆက်တွဲလုပ်ငန်းအဖြစ် စဉ်ဆက်ပညာရေးကို သတ်မှတ်မြို့နယ်များ၌ ၂၀၂၄ခုနှစ် နိုဝင်ဘာလမှ စတင်ဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မြို့နယ် ၄ မြို့နယ်၏ စဉ်ဆက်ပညာရေး ဆောင်ရွက်နေမှုသည် ဖေဖော်ဝါရီ ၅ ရက်တွင် ပြီးမြောက်မည်ဖြစ်ကြောင်း ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနမှ သိရသည်။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနသည် အဆိုပါ မြို့နယ် ၄ မြို့နယ်ရှိ စာသင်ဝိုင်းများ၌ ဦးတည်အုပ်စုနှင့် ကိုက်ညီသူများအား စာဖတ်ရှိန်မြှင့်တင်ပေးခြင်း၊ ဝင်ငွေတိုးပွားရေးအတွက် ချိတ်ဆက်ဆောင်ရွက်ပေးခြင်းနှင့် ဘဝသာယာရေးအတွက် အသိပညာပေးခြင်းစသည့် အစီအစဉ် ၃ ရပ် ပါဝင်သော စဉ်ဆက်ပညာရေးလုပ်ငန်းသင်ကြားမှု အသိပညာပေး ဖြန့်ဝေပေးနေမှုများကို ဆောင်ရွက်လျက်ရှိသည်။
ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းနှင့် တာဝန်ရှိသူများသည် ဇန်နဝါရီ ၃၁ ရက်က ကျိုင်းတုံမြို့နယ်ရှိ ရပ်ကွက် ၄ အမက (၈) မူလွန်ကျောင်းတွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းနှင့် ရပ်ကွက် ၁ အမက (၃) မူလွန်ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းများသို့ လည်းကောင်း၊ မိုင်းခတ်မြို့နယ် ကျိုင်းပင်ကွေ့ရွာ အမကမူလွန်ကျောင်းရှိ စာသင်ဝိုင်းနှင့် ဝမ်ခုတ်ကျေးရွာ အမကမူလွန်ကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် စာသင်ဝိုင်းများသို့လည်းကောင်း သွားရောက်ကြည့်ရှုခဲ့ပြီး စေတနာလုပ်အားပေးနည်းပြများနှင့် ကြီးကြပ်များ၊ စာသင်သားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။
ကျောင်းပြင်ပနှင့် တစ်သက်တာပညာဦးစီးဌာနသည် စဉ်ဆက်ပညာရေးလုပ်ငန်းကို ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီ လဆန်းမှစပြီး နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် (အရှေ့ပိုင်း) တို့ရှိ မြို့နယ်များတွင် လျာထားစာသင်သားပေါင်း ၃၈၇၅၇ ဦးကို စာသင်းဝိုင်းပေါင်း ၂၈၀၆ ဝိုင်းစုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ ကြီးကြပ်ပေါင်း ၃၅၁၂ ဦးတို့ဖြင့် ဆက်လက်သင်ကြား ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments