နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ နေပြည်တော် သံဝေဇနိယလေးဌာန (ဖွား၊ပွင့်၊ဟော၊စံ) နှင့် သတ္တသတ္တာဟတရားစခန်း ဓမ္မာရုံ ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကြည့်ရှုစစ်ဆေး




နေပြည်တော် ဖေဖော်ဝါရီ ၃

နေပြည်တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် နေပြည်တော်-တပ်ကုန်း အမှတ် (၁) လမ်းရှိ နေပြည်တော်သံဝေဇနိယလေးဌာန (ဖွား၊ပွင့်၊ဟော၊စံ) နှင့် သတ္တသတ္တာဟ တရားစခန်း ဓမ္မာရုံပြုပြင်မွမ်းမံဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး ဓမ္မာရုံရှိ ဘုရားခန်းကို သပ္ပါယ်ကြည်ညိုဖွယ်ဖြစ်အောင် ဆေးသုတ်ခြင်း၊ ရေလိုင်းနှင့် မီးလိုင်းများကို စနစ်တကျ ပြန်လည်မွမ်းမံခြင်းနှင့် မြက်ခင်းများနှင့် သစ်ပင်ပန်းပင်များဖြင့် အမြဲစိမ်းလန်းသာယာနေစေရေး လုပ်ငန်းများကို အလေးထားလုပ်ဆောင်ကြရန် ပြောကြားသည်။

ထို့နောက် နေပြည်တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌသည် သတ္တသတ္တာဟ တရားစခန်းရှိ မိဂဒါဝုန် ဘေးမဲ့တောဥယျာဉ်အတွင်း မွေးမြူထားသည့် တိရစ္ဆာန်များအား အစာကျွေးမွေးခဲ့ပြီး ဥယျာဉ်အတွင်း အရိပ်ရပင်များ တိုးချဲ့စိုက်ပျိုးရေးနှင့် တိရစ္ဆာန် သောက်သုံးရေများ စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရေးတို့ကို တာဝန်ရှိသူများအား မှာကြားသည်။

ယင်းနောက် နေပြည်တော် သံဝေဇနိယလေးဌာနကို လှည့်လည်ဖူးမြော်ကြည့်ရှုပြီး ဂေါပကအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ဘုရားဖူးဧည့်သည်များဖြင့် အမြဲစည်ကားစေရန်အတွက် သံဝေဇနိယလေးဌာနရှိ စေတီပုထိုးများနှင့် စေတီတော်ပတ်ဝန်းကျင်အား အမြဲသန့်ရှင်း သပ်ရပ်နေစေရေး၊ ဆွမ်း၊ ရေချမ်း၊ ပန်းနှင့် ဆီမီးကပ်လှူ ပူဇော်ခြင်းများကို နေ့စဉ်ဆောင်ရွက်ရေး၊ ဘုရားပရိဝုဏ်အတွင်း စိမ်းလန်းစိုပြည်စေရေး လုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

သတင်းစဉ်

No comments

Powered by Blogger.