ဝါသီးနှံနှင့် နေကြာသီးနှံ အထွက်နှုန်းမြင့်မားရေး လက်တွေ့ကွင်းဆင်း သရုပ်ပြ
နေပြည်တော် ဖေဖော်ဝါရီ ၃
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် တာဝန်ရှိသူများ၊ ဝါစိုက်တောင်သူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် တပ်ကုန်းမြို့နယ် မြောင်မြိုက်ကျေးရွာအုပ်စု ဒဟတ်ကုန်းကျေးရွာရှိ ချည်မျှင်ရှည်ဝါစိုက်ကွင်းသို့ ကွင်းဆင်း ကြည့်ရှုသည်။
ထို့သို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် ဝါစိုက်တောင်သူများနှင့် ရင်းနှီးစွာတွေ့ဆုံပြီး တောင်သူများအနေဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ ပညာရှင်ဝန်ထမ်းများ၏ စဉ်ဆက်မပြတ် နည်းပညာပေးမှုအပေါ် လိုက်နာဆောင်ရွက်ခဲ့ကြ၍ ပန်းတိုင်အထွက်နှုန်း ပိဿာ ၇၀၀ အထိရရှိကာ အချို့သော စိုက်ကွက်များသည် ပိဿာ ၁၀၀၀ ခန့်အထိ ရရှိနေကြောင်း၊ သို့ရာတွင် အချို့သည် ပြည်တွင်းဝါမျိုးများကို အလေးထားစိုက်ပျိုးမှုမပြုသည့်အတွက် ပန်းတိုင်အထွက်နှုန်းမရဘဲ ပိဿာ ၄၀၀ ကျော်သာရရှိသဖြင့် ပြည်တွင်းဝါမျိုးများ၏ စိုက်ပျိုးဖြစ်ထွန်းမှုသိရှိစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် စိုက်ကွင်းပညာရှင် ဝန်ထမ်းများသည် နည်းပညာပေးစိုက်ခင်း၌ နေကြာသီးနှံနှင့် ချည်မျှင်ရှည်ဝါ သီးနှံစိုက်နည်းစနစ်များ၊ သွင်းအားစုသုံးစွဲရေးဆိုင်ရာများ၊ စိုက်ပျိုးရေ စနစ်တကျပေးသွင်းရေးနှင့် ဂွမ်းမွေးများ သန့်စင်ထားသည့် အရည်အသွေးမီ ဝါမျိုးစေ့များကို အသုံးပြုစိုက်ပျိုးခြင်းဖြင့် ဝါအပင်ပေါက်ကောင်းမွန်ခြင်း၊ အရည်အသွေးကောင်း ဝါဂွမ်းများ ရရှိနိုင်ခြင်းကို လက်တွေ့ပြသဆွေးနွေးရှင်းလင်းကြပြီး တောင်သူများ သိရှိလိုသည်များကို ရှင်းလင်းဆွေးနွေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဒေသခံတောင်သူများနှင့်အတူ ဇေယျာသီရိမြို့နယ် ကြို့ပင်ကျေးရွာရှိ နေကြာသီးနှံစိုက်ခင်းကို ကွင်းဆင်းကြည့်ရှုကြသည်။
ထိုသို့ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများအနေဖြင့် တောင်သူတစ်ဦးချင်းစီကို အသိပညာပေးဆောင်ရွက်နိုင်ရန် အကန့်အသတ်ရှိနေ၍ တောင်သူ ပညာပေး စိုက်ခင်းများထူထောင်ပြီး တောင်သူအစုအဖွဲ့များအလိုက် ပြသဆောင်ရွက်ခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ တောင်သူများအနေဖြင့် ယခုကဲ့သို့ မျိုး၊ မြေ၊ ရေ၊ နည်း စိုက်နည်းစနစ်များ မှန်ကန်စေရေးအတွက် သရုပ်ပြစိုက်ခင်းများတွင် လာရောက်လေ့လာပြီး စိုက်ပျိုး ဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments