အောင်မြင်နေသည့် ဗီယက်နမ်နိုင်ငံခရီးသွားလုပ်ငန်း
စိုးသူရ
ဗီယက်နမ်နိုင်ငံသည် နိုင်ငံ၏ကြွယ်ဝသော
ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအလှအပများကို အခြေခံ၍ အာရှဒေသ၏ထိပ်တန်းခရီးသွား
နိုင်ငံများစာရင်းတွင် ပါဝင်ရပ်တည်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။
ဗီယက်နမ်နိုင်ငံ၏
ခရီးသွားလုပ်ငန်းကဏ္ဍသည် အရည်အသွေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေးတို့ကို
ဂရုစိုက်ကာ လာရောက်လည်ပတ်သူအရေအတွက် များပြားလာရေးအတွက် စနစ်တကျအစီအမံများ ချမှတ်၍
ဆောင်ရွက်နေသည်။
ရည်မှန်းချက်မှာ
နိုင်ငံ၏ကျော်ကြားသည့် ခရီးသွားဆိုင်ရာနေရာများဖြင့် ခရီးသွားလုပ်ငန်းမှ
နိုင်ငံ့ဝင်ငွေ တိုးတက်ရရှိစေရန်ဖြစ်သည်။ နိုင်ငံအတွင်းရှိ ခရီးသွားနေရာအချို့ကို
ဗဟုသုတ ဖြစ်ဖွယ် ဖော်ပြလိုက်ပါသည်။
လှပသည့် ဟာလောင်းပင်လယ်အော်
ဗီယက်နမ်အရှေ့မြောက်ပိုင်းရှိ
ယူနက်စကိုစာရင်းဝင် ဟာလောင်းပင်လယ်အော်သည် ၎င်း၏ မြသားရောင် ရေပြင်အပါအဝင်
မိုးသစ်တောများ ပေါက်ရောက်နေသည့် ထုံးကျောက်တောင်များဖြင့်
ဖွဲ့စည်းထားသည့်ကျွန်းများကြောင့် ထင်ရှားသည်။ ကမ္ဘာလှည့်ခရီးသည်များအနေဖြင့်
ဟာလောင်း ပင်လယ်အော်ရှိ ရေပြင်အတွင်း အပျော်စီးသင်္ဘော ကိုစီးနင်းကာ
သဘာဝအလှများကိုခံစားနိုင်သည်။ ထို့ပြင် ဟာလောင်းပင်လယ်အော်ကမ်းခြေ တစ်လျှောက်တွင်
ခရီးသွားလုပ်ငန်း အတွက် ဖွင့်လှစ်ထားသည့် ဂူများကိုလေ့လာခြင်းနှင့်
ပင်လယ်ရေပြင်အတွင်း ကယက်လှေလှော်ခြင်း တို့ကို ဆောင်ရွက်အပန်းဖြေနိုင်သည်။
ဟနွိုင်းမြို့
ဟနွိုင်းမြို့တော်တွင်
ရှေးဟောင်းခေတ်ဟောင်း အလှအပများကို တွေ့ကြုံခံစားရနိုင်ပြီး ရှေးဟောင်း
ရပ်ကွက်များ၊ ရဲတိုက်များ၊ ဂူသင်္ချိုင်းများကို မြင်တွေ့
နိုင်သည်။ လမ်းများတွင် ကော်ဖီဆိုင်များ အများ အပြားတည်ရှိနေသည်ကို တွေမြင်နိုင်သည်။
ဟိုချီမင်းမြို့
ဗီယက်နမ်နိုင်ငံ၏
အမျိုးသားခေါင်းဆောင်ကြီး ဟိုချီမင်းကို အစွဲပြုမှည့်ခေါ်ထားသည့် ဟိုချီမင်းမြို့
တွင် ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် သမိုင်းဝင် ပြင်သစ်ဗိသုကာလက်ရာများနှင့်
မိုးမျှော်တိုက်များ ကို မြင်တွေ့နိုင်သည်။ ၎င်း၏ ရာစုနှစ်ဟောင်း အဆောက်အအုံများ၊
ကမ္ဘာ့အဆင့်မီ အစားအစာ များ၊ ကော်ဖီဆိုင်များကြောင့် ဧည့်သည်များသည်
ခေတ်ဟောင်းနှင့် ခေတ်သစ်ပေါင်းစပ်ထားမှုကို ခံစားနိုင်သည်။
လက်ချောင်းတံတား
ဗီယက်နမ်နိုင်ငံရှိ
ကမ္ဘာလှည့်ခရီးသွားများလည်ပတ်ရာ ကျော်ကြားသည့်နေရာတစ်ခုကို ညွှန်ပြပါဟုဆိုလျှင်
ဒါနန်းမြို့အနီးရှိ ဗာနာတောင်တန်းဒေသတွင်တည်ရှိသော လက်ချောင်း တံတားခေါ်
ရွှေတံတားကို ညွှန်းဆိုရမည်ဖြစ်သည်။ ၎င်းတံတားသည် ဧရာမလက်နှစ်ဖက်ဖြင့် မထားသည့်ပုံ
တည်ဆောက်ထားသော လက်ရာကြောင့် နာမည်ကြီးသည်။
ယခုနှစ်အတွင်း
ဗီယက်နမ်နိုင်ငံသို့ ပြည်ပ ခရီးသွား ၂၃ သန်း လာရောက်ရန် ရည်မှန်းချက်ထားရှိရာ
တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အရှေ့ တောင်အာရှဒေသ၊ မြောက်အမေရိက၊ အိန္ဒိယနှင့်
အရှေ့အလယ်ပိုင်း ကဲ့သို့သော ဒေသများမှ ခရီးသည်အများအပြား ဝင်ရောက်လာစေရေးအတွက်
ဗီယက်နမ်နိုင်ငံက ဆောင်ရွက်နေသည်။
အွန်လိုင်းမှလေ့လာချက်များအရ
ဗီယက်နမ်လူငယ်များအကြား အင်္ဂလိပ်ဘာသာစကား တတ်ကျွမ်းမှု စွမ်းရည်မြင့်မားမှုကိုလည်း
တွေ့မြင်ရခြင်းဖြင့် ၎င်းအချက်သည် ခရီးသွားလုပ်ငန်း အောင်မြင်ခြင်း၏
အဓိကအချက်ဖြစ်ကြောင်း တွေ့ရှိရသည်။
ကိုးကား - vietnam .TRAVEL


No comments