ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲ ကျင်းပ
နေပြည်တော် ဖေဖော်ဝါရီ ၃
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေအသိပညာပြန့်ပွားရေး သင်တန်းဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၌ ကျင်းပရာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့် အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက် ကြသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ဥပဒေအသိပညာ ပြန့်ပွားရေး သင်တန်းကို နိုင်ငံ့ဝန်ထမ်းများ ဥပဒေအသိပညာ ဗဟုသုတများရရှိပြီး နိုင်ငံသားတစ်ဦးတာဝန်၊ နိုင်ငံ့ တာဝန်များကို တည့်မတ်မှန်ကန်စွာ ထမ်းဆောင်နိုင်ရန်၊ ဥပဒေ၏ သဘောသဘာဝများကို သိရှိနားလည်ပြီး ဥပဒေပါ ပြဋ္ဌာန်းချက်များအတိုင်း သိရှိလိုက်နာ ကျင့်သုံးနိုင်ရန်နှင့် ဥပဒေ အသိပညာ ဗဟုသုတများကို မိမိတို့၏ ဝန်ထမ်းအဖွဲ့အစည်းနှင့် မိမိတို့၏မိသားစု၊ လူမှုပတ်ဝန်းကျင် အသိုက်အဝန်းအတွင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ထပ်ဆင့်ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း၊ ဥပဒေသည် နိုင်ငံတစ်နိုင်ငံအတွက် မရှိမဖြစ်လိုအပ်သည့် အရာတစ်ခုဖြစ်သည့်အပြင် နိုင်ငံသားတိုင်း သိရှိလိုက်နာစောင့်ထိန်းကြရမည့် သတ်မှတ် ပြဋ္ဌာန်းချက်များ ဖြစ်ပါကြောင်း၊ ဥပဒေကို မသိနားမလည်ဟု ဆိုရုံမျှဖြင့် ဥပဒေက ခွင့်လွှတ်မည် မဟုတ်ပါကြောင်း၊ အထူးသဖြင့် နိုင်ငံ့တာဝန်များကို ထမ်းရွက်နေကြသည့် ဝန်ထမ်းများအနေဖြင့် ဥပဒေကို နားလည်တတ်ကျွမ်းပြီး လေးစားလိုက်နာကြမှသာ လုပ်ကိုင်ဆောင်ရွက်မှုများသည် အမှားအယွင်း ကင်းကင်းနှင့် အကျိုးရှိပြီး မှန်ကန်ထိရောက်မည်ဖြစ်ပါကြောင်း၊ သို့မှသာ နိုင်ငံ့ဝန်ထမ်းကောင်းများဖြစ်မည် ဖြစ်ကြောင်းမှာကြားသည်။
အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးသင်တန်းကို ဖေဖော်ဝါရီ ၃ ရက်နှင့် ၄ ရက် နှစ်ရက် တာ ဖွင့်လှစ်ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments