ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ရန်ကုန်-ပုသိမ်၊ ပုသိမ်-ငွေဆောင်၊ ပုသိမ်-ရှောပြာ-ချောင်းသာ လမ်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး
ပုသိမ်
ဖေဖော်ဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ
တံတားအမှတ်(၁/၁ဝ၆) အပင်နှစ်ဆယ်တံတား ပေ ၂၂၀၊ မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားအဖြစ်
တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ဦးစွာ
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်(၁/၁ဝ၆)
အပင်နှစ်ဆယ်တံတား ပေ ၂၂၀၊ မူလနှစ်လမ်းသွားမှ လေးလမ်းသွား သံကူကွန်ကရစ်တံတားလုပ်ငန်း
ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက်
ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက တံတားဆိုင်ရာ အချက်အလက်များနှင့် လုပ်ငန်းဆောင်ရွက်မှု
အခြေအနေများကို ရှင်းလင်းတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင်
သတ်မှတ်ကာကာအတွင်း ပြီးစီးစေရေးအတွက် နေ့ဆိုင်း၊ ညဆိုင်းခွဲ၍ လူအင်အား စက်အင်အားဖြင့်
အင်တိုက်အားတိုက် ဆောင်ရွက်ရန်နှင့် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးပြည့်မီရေး အလေးထားဆောင်ရွက်ရန်
မှာကြားခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်-ပုသိမ်လမ်း မိုင်(၁၀၅/၅-၁၀၈/၄)အတွင်း
၄၈ ပေအကျယ် ကတ္တရာကွန်ကရစ်လမ်း တိုးချဲ့တည်ဆောက်နိုင်ရန်အတွက် လုပ်ငန်းဆောင်ရွက်နေမှုများကို
လည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ တံတားအမှတ်-၁/၁၀၈ ကိုးဆူတံတား ၈၈ ပေ၊ မူလနှစ်လမ်းသွားမှ
လေးလမ်းသွား သံကူကွန်ကရစ်တံတားအဖြစ် တိုးချဲ့တည်ဆောက်နေမှုအား လည်းကောင်း၊ ရန်ကုန်-ပုသိမ်လမ်း
ပုသိမ်မြို့အဝင် ၄၈ ပေ အကျယ် ၂ မိုင် ၆ ဖာလုံ လေးလမ်းသွား ကတ္တရာကွန်ကရစ်ခြင်း လုပ်ငန်းဆောင်ရွက်မှု
အခြေအနေများကို လည်းကောင်း ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြမှုများအပေါ်
တိုင်းဒေသကြီးဝန်ကြီးချုပ်က သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ လုပ်ငန်းများ အရည်အသွေးပြည့်မီရေး၊
လမ်းဘေးဝဲယာတွင် သစ်ပင်ပန်းမန်များ၊ အရိပ်ရအပင်များ စိုက်ပျိုးရန်နှင့် ပန်းပေါင်းဝေဆာပြီး
စိမ်းလန်းစိုပြေအောင် ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ဆက်လက်၍
တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ငွေဆောင်လမ်းပေါ်ရှိ တွန်ပလွန်တံတား
ပေ ၂၆၀၊ ယာဉ်သွားလမ်းအကျယ် ၂၈ ပေ၊ RC Concrete တံတား တည်ဆောက်ရေးလုပ်ငန်းခွင်သို့ ကြည့်ရှုစစ်ဆေးခဲ့ပြီး
ရှင်းလင်းဆောင်တွင် တံတားအထူးအဖွဲ့ (၁၆)မှ တာဝန်ရှိသူတစ်ဦးက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို
ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လုပ်ငန်းများဆောင်ရွက်ရာတွင် ယာဉ်အန္တရာယ်
လမ်းအန္တရာယ် ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီရေးနှင့် သတ်မှတ်ကာလအတွင်း ပြီးစီးစေရေးအလေးထား
ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်း မူလ ၁၈ ပေအကျယ်မှ
၂၄ ပေအကျယ် ကတ္တရာလမ်းချဲ့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ပြီး
လုပ်ငန်းစီမံကိန်း ရှင်းလင်းဆောင်သို့ရောက်ရှိရာ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ)က
ပုသိမ်-ရှောပြာ-ချောင်းသာလမ်း (၁၈/၀)မိုင်မှ (၃၅/၀)မိုင်အတွင်း ၁၇ မိုင် သုညဖာလုံ ပေ
၄၀ အကျယ် လမ်းတာဘောင်ချဲ့ခြင်း၊ ၂၄ ပေအကျယ် ကတ္တရာခင်းခြင်း လမ်းအဆင့်မြှင့်တင်ခြင်း
လုပ်ငန်းဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်
တာဝန်ရှိသူများသည် ပုသိမ်-ရှောပြာ-ချောင်းသာလမ်းတစ်လျှောက် လမ်းလုပ်ငန်းဆောင်ရွက်မှုနေမှုများကို
လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments