ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး လုံခြုံရေးနှင့်တည်ငြိမ်အေးချမ်းမှုတို့ဖော်ဆောင်
နိုင်ငံရေးကို
အခြားနည်းကျင့်သုံးရာမှ လက်နက်ကိုင်ပဋိပက္ခများ ပေါ်ပေါက်လာသည်ဟု အဆိုရှိသည်။
မိမိတို့နိုင်ငံသည် တိုင်းရင်းသားလူမျိုးများစွာရှိသကဲ့သို့
နိုင်ငံရေးပါတီများစွာ၊ အစိုးရကို ဆန့်ကျင် ပုန်ကန်နေသည့် လက်နက်ကိုင်အဖွဲ့အစည်းလည်း
များစွာရှိသည်။ မြေပေါ်မှ နိုင်ငံရေးပါတီများရော၊ တောတွင်းမှ လက်နက်ကိုင်များပါ
အများအပြား ဖွဲ့စည်းဖြစ်ပေါ်နေခြင်းသည် အတွေးအမြင်၊ ခံယူချက်၊ ယုံကြည်ချက်၊ မူဝါဒ၊
သဘောထား စသည် ဖြင့် အဘက်ဘက်တွင် မတူကွဲပြားခြားနားခြင်းကြောင့်ဟု ဆိုရမည် ဖြစ်သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည်
ပြည်သူလူထု၏ လိုလားချက်ဖြစ်သည့် ပါတီစုံဒီမိုကရေစီ စနစ်ကို လျှောက်လှမ်းနေပြီး
အထွေထွေရွေးကောက်ပွဲကြီးတစ်ရပ်ကို မဖြစ်မနေ အောင်မြင်စွာ ကျင်းပပေးနိုင်ရန်
ဘက်ပေါင်းစုံမှ စီမံဆောင်ရွက်လျက်ရှိသည်။ ရွေးကောက်ပွဲကျင်းပရာတွင် နိုင်ငံရေးပါတီများ
ပါဝင်နိုင်ရေးအတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့် နည်းဥပဒေများကို
ထုတ်ပြန်ခြင်း၊ ပြင်ဆင်ခြင်းများပြုလုပ်ခဲ့သည်။ အဆိုပါ ဥပဒေများနှင့်အညီ
နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၅၀ နှင့် ပါတီအသစ်
တည်ထောင်ခွင့် လျှောက်ထားသည့် ပါတီ ၁၈ ပါတီ စုစုပေါင်း ၆၈ ပါတီရှိသည်။
ဥပဒေနှင့်အညီ ပြန်လည် မှတ်ပုံတင်ခွင့် လျှောက်ထားခြင်းမရှိသည့် နိုင်ငံရေးပါတီ ၄၀
မှာမူ နိုင်ငံရေးပါတီအဖြစ်မှ ပျက်ပြယ်သွားခဲ့ပြီ ဖြစ်သည်။ ပြည်ထောင်စု
ရွေးကောက်ပွဲကော်မရှင်သို့ မှတ်ပုံတင်ခွင့် တင်ပြလာသည့် နိုင်ငံရေးပါတီ
အဟောင်းနှင့်အသစ် စုစုပေါင်း ၆၈ ပါတီအနက်မှ လက်ရှိတွင် တည်ဆဲနိုင်ငံရေးပါတီပေါင်း
၅၃ ပါတီ ရှိနေသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီးကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈
ခုနှစ်) နှင့် ရွေးကောက်ပွဲဥပဒေများနှင့်အညီ ဒေသအလိုက် လုံခြုံရေး
အခြေအနေပေါ်မူတည်ပြီး ကျင်းပပြုလုပ်ပေးသွားရန် စီမံဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ရွေးကောက်ပွဲကျင်းပပြီး
ပေါ်ပေါက်လာသည့် လွှတ်တော်တွင် တိုင်းရင်းသားများနှင့် လူထု လူတန်းစား အလွှာများကို
ကိုယ်စားပြုသူများ ကျယ်ပြန့်စွာပါဝင်လာရေး၊ ဒေသနှင့် တိုင်းရင်းသားများအကျိုးကို
တရားဥပဒေနှင့်အညီ ဆွေးနွေးနိုင်ရေးအတွက် တိုင်းရင်းသားကိုယ်စားလှယ်များ နိုင်ငံရေးစင်မြင့်တွင်
ပိုမိုပါဝင်လာနိုင်စေရန် ရွေးကောက်ပွဲတွင် မဲများသူအနိုင်ရသည့်စနစ် (First Past
The Post) FPTP စနစ်အပြင် မြန်မာ နိုင်ငံနှင့် သင့်လျော်ပြီး ရိုးရှင်းလွယ်ကူသည့်
စာရင်းပိတ်အချိုးကျ ကိုယ်စားပြုစနစ် (Closed List – PR) ကို ပေါင်းစပ်ကျင့်သုံး
သွားမည်ဖြစ်သည်။
နိုင်ငံရေးကို ဥပဒေနှင့်အညီ
နိုင်ငံရေးနည်းလမ်းဖြင့် မဖြေရှင်းဘဲ လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံး ခဲ့ကြခြင်းကြောင့်
ပြည်တွင်း မငြိမ်မသက်ဖြစ်ပေါ်နေခြင်းကို မလိုလားသည့်ပြည်သူများ၊ မြန်မာ နိုင်ငံ
တည်ငြိမ်အေးချမ်းရေးကို လိုလားသည့်နိုင်ငံများက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက
ဦးဆောင်ကျင်းပပေးမည့် ရွေးကောက်ပွဲ ကို အပြည့်အဝ အားပေးထောက်ခံကြသည်။ သို့ရာတွင်
လက်ရှိ မိမိတို့နိုင်ငံ၏ အခြေအနေသည် လွတ်လပ်ပြီး တရားမျှတသော အထွေထွေ ရွေးကောက်ပွဲတစ်ရပ်
ကျင်းပနိုင်ရန်အတွက် စိန်ခေါ်မှုများစွာတို့ ရှိနေသည်။ အထူးသဖြင့်
နိုင်ငံရေးကြောင့် ဖြစ်ပေါ် လာသည့် ပြဿနာကို အကြမ်းဖက်လမ်းစဉ်၊ လက်နက်ကိုင်လမ်းစဉ်
တို့ စွဲကိုင်ကာ အကြမ်းဖက်တိုက်ခိုက်သည့် နည်းလမ်းကို ရွေးချယ်ခဲ့ကြသည့် လူပုဂ္ဂိုလ်၊
အဖွဲ့အစည်းများကြောင့် ပြည်တွင်းဒေသအများအပြားတွင် တည်ငြိမ်အေးချမ်းမှု
ပျက်ပြားလျက်ရှိသည်။ ထို့အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကလည်း ပါတီစုံ
ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းရေးထက် နယ်မြေချဲ့ထွင်ရေး၊
နယ်မြေအလိုက် အာဏာရရှိရေးတို့ကို ဦးတည် ဆောင်ရွက်နေကြသည်။
လက်ရှိကာလသည် မိမိတို့နိုင်ငံတွင်
အရေးပေါ်အခြေအနေ ရှိနေဆဲဖြစ်ပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီ
အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန်လိုအပ်သော အခင်းအကျင်းများကို စနစ်တကျ
ဖော်ဆောင်နေဆဲကာလဖြစ်သည်။ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
နိုင်ငံအတွင်း လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းမှုတို့ ပိုမိုရရှိရန်
လိုအပ်လျက်ရှိရာ နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား နိုင်ငံသားပြည်သူများအားလုံးက
နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့်အတူ ပြည်တွင်းလုံခြုံရေးနှင့်
တည်ငြိမ်အေးချမ်းရေး တည်ဆောက်မှုတွင် တစ်တပ်တစ်အား
ပါဝင်ကူညီဆောင်ရွက်ကြရပါမည့်အကြောင်း။
မြန်မာ့အလင်း

No comments