လေထုညစ်ညမ်းမှုအန္တရာယ် သတိပြုကာကွယ်
ဝင်းထွဋ်ဦး
အခုရက်ပိုင်းအတွင်းမှာ
လေထုညစ်ညမ်းမှုနဲ့ဆိုင်တဲ့ သတင်းတွေကို ခပ်စိပ်စိပ်မြင်တွေ့ ဖတ်ရှုနေရပါတယ်။
ကျွန်တော်တို့ရဲ့အိမ်နီး ချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာဖြစ်ပါတယ်။ ထိုင်းနိုင်ငံရဲ့
မြို့နယ် ၅၀ လောက်မှာ လေထုအရည်အသွေး PM 2.5 ဒဏ်ကို ခံစားနေကြရပါတယ်။ ဗန်ကောက်မှာ
ဇန်နဝါရီလ ၂၄ ရက်နေ့က PM 2.5 (လေထုညစ်ညမ်းမှုညွှန်းကိန်း ၁၈၈) နဲ့ ကမ္ဘာ့လေထု
ညစ်ညမ်းမှု အများဆုံးအဆိုးဆုံးမြို့ငါးမြို့စာရင်းမှာ နံပါတ် ၄ နေရာ
ရောက်ရှိနေပါတယ်။ ဒီလိုအခြေအနေထဲ မဖြစ်မနေ သွားလာနေရသူတွေကို
နှာခေါင်းစည်းတပ်ဖို့ညွှန်ကြားထားပြီး အတတ်နိုင်ဆုံးတော့ အိမ်ထဲမှာ၊ Air Purifier
တွေရှိတဲ့နေရာမှာနေဖို့ ကျန်းမာရေးဝန်ကြီးဌာနက သတိပေးထားပါတယ်။ ရှူမိလို့
ချောင်းဆိုးတာ၊ မျက်လုံးတွေယားယံတာ၊ အသက်ရှူဖို့ခက်ခဲလာတာတွေ ဖြစ်တယ်ဆိုရင်
ဆေးခန်း အမြန်သွားပြဖို့လည်း ညွှန်ကြားထားပါတယ်။ ဇန်နဝါရီလ ၂၄ ရက်နေ့
ဗန်ကောက်ကလာတဲ့ သတင်းအရ ကမ္ဘာ့လေထုညစ်ညမ်းမှု အများဆုံးမြို့ငါးမြို့ထဲမှာ အရှေ့တောင်အာရှဒေသက
မြို့ကြီးတွေလည်း ပါဝင်ခဲ့တယ်။ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့က
ဒုတိယအညစ်ညမ်းဆုံးမြို့အဖြစ် သတ်မှတ်ခံရပါတယ်။ ဖနောင်ပင်နဲ့ ဗန်ကောက်တို့က
ကမ္ဘာ့လေထုအညစ်ညမ်းဆုံးအဆင့် စတုတ္ထနဲ့ ပဉ္စမ နေရာတို့မှာ
အသီးသီးရပ်တည်နေကြတယ်လို့ သိရပါတယ်။
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့် ၈
မှာရှိ
ကျွန်တော်တို့
မြန်မာနိုင်ငံမှာလည်း ဇန်နဝါရီလ ၂၆ ရက်နေ့
မွန်းလွဲပိုင်းတိုင်းတာချက်အရ ရန်ကုန်မြို့ဟာ ကမ္ဘာ့လေထုညစ်ညမ်းမှု အဆင့် ၈ မှာ
ရှိနေခဲ့တယ်လို့ လေထုအရည်အသွေး တိုင်းတာတဲ့ အဖွဲ့အစည်းတစ်ခုရဲ့
ဖော်ပြချက်အရသိရှိရတယ်။ ရန်ကုန်မြို့မှာ လေထုညစ်ညမ်းမှု ညွှန်းကိန်း (Air Quality
Index- AQI) ဟာ ရက်ဆက်ကို မြင့်တက်နေပြီး အနီရောင်အဆင့် အခြေအနေဖြစ်တယ်လို့
ဖော်ပြထားပါတယ်။ ကျန်းမာရေးထိခိုက်နိုင်တဲ့
အနေအထားမျိုးလို့ ပြောနိုင်ပါတယ်။
လေထုညစ်ညမ်းမှုဆိုတာက လေထုထဲမှာ
မီးခိုး၊ ဓာတ်ငွေ့တစ်မျိုးမျိုး၊ ဖုန်မှုန့်တွေ၊ မြူခိုးတွေ၊ အနံ့အသက်တွေ၊
ရေခိုးရေငွေ့တွေ ရှိသင့်တဲ့ပမာဏထက် ပိုပြီးများပြားစွာရှိနေတာ လေထု အရည်အသွေး
ကျဆင်းနေတာပဲဖြစ်တယ်။ လေထုထဲမှာ ကာဗွန်မိုနောက်ဆိုက်၊ ဆာလ်ဖာဒိုင် အောက်ဆိုက်၊
နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့အိုဇုန်း၊ PM 2.5 နဲ့ PM 10 အမှုန်အမွှားတွေ စတဲ့ညစ်ညမ်းပစ္စည်းတွေ
အနည်းနဲ့အများဆိုသလို ရောနှောပါဝင်နေတယ်ဆိုရင် လေထု ညစ်ညမ်းမှု ဖြစ်ပေါ်လာပါတယ်၊၊
အဓိကအန္တရာယ်ပြုတဲ့ အမှုန်တွေကတော့ ကာဗွန်မိုနောက်ဆိုက်၊ အိုဇုန်း၊
နိုက်ထရိုဂျင်ဒိုင်အောက်ဆိုက်နဲ့ ဆာလ်ဖာဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေဖြစ်တယ်။
အဲဒီအမှုန်တွေက လူသားတွေရဲ့ ကျန်းမာရေးကို တစ်နည်းနည်းနဲ့ ထိခိုက်စေနိုင်တယ်။
အများဆုံးကတော့ အသက်ရှူလမ်းကြောင်းကနေ လူ့ခန္ဓာကိုယ်ကို ထိခိုက်စေတာဖြစ်တယ်။
အခုတစ်လော
လေထုညစ်ညမ်းမှုညွှန်းကိန်း(AQI) ဟာ ၁၅၁ မှ ၂၀၀ အတွင်းရောက်နေပြီဖြစ်လို့
ကျန်းမာရေးအတွက် မကောင်းတဲ့ အဆင့်ဖြစ်နေပါပြီ။
လေထုညစ်ညမ်းမှုဖြစ်စေတဲ့
အမှုန်အမွှားလေးတွေရဲ့ ပမာဏသေးငယ်လေလေ လူ့ခန္ဓာကိုယ်အတွင်း ဝင်ရောက်ဖို့
လွယ်ကူလေလေ ဖြစ်ပါတယ်။ ၁၀ မိုက်ခရိုမီတာထက်သေးငယ်တဲ့ အမှုန်အမွှားတွေ (PM 10)
ဟာအသက်ရှူလမ်းကြောင်းကတစ်ဆင့် အဆုတ်ထဲအထိ ဝင်ရောက်နိုင်တယ်။ ၂ ဒသမ ၅
မိုက်ခရိုမီတာထက် သေးငယ်တဲ့ အမှုန်အမွှားတွေ (PM 2.5) (လူ့ဆံပင်ရဲ့ ၃
ရာခိုင်နှုန်းခန့်သာရှိတဲ့ အမှုန်အမွှားတွေ)ဟာ အဆုတ်အတွင်းရှိ
လေအိတ်ငယ်တွေရဲ့နံရံက တစ်ဆင့် သွေးကြောထဲအထိ ဝင်ရောက်နိုင်ပါတယ်။ သွေးကြောထဲ
အထိရောက်သွားတဲ့ အမှုန်အမွှားတွေက သွေးလည်ပတ် စီးဆင်းမှုကို ထိခိုက်စေကာ လေဖြတ်တာ၊
နှလုံးထိခိုက်တာအပြင် တခြားကျန်းမာရေးဆိုင်ရာ ပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါ့အပြင်လူတိုင်းအသက်မရှူဘဲ
နေလို့မရတာကြောင့် လေထု ညစ်ညမ်းမှုဟာ တခြားကျန်းမာရေး ပြဿနာတွေ၊ ရောဂါတွေထက်
ပိုပြီးဒုက္ခပေးနိုင်တာအမှန်ပါပဲ။ ညစ်ညမ်းမှုများလာတဲ့
လေထုကလေကိုရှူရတဲ့အချိန်ကာလ၊ နေ့ရက်တွေ များလာလေလေ ကျန်းမာရေးထိခိုက်မှု
ပိုများလာမှာဖြစ်ပါတယ်။
လေထုညစ်ညမ်းမှုကြောင့်
လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှမျှော်မှန်း သက်တမ်းဟာ ၂ ဒသမ ၂ နှစ်ခန့်အထိ ကျဆင်းလာတယ်လို့
ကျန်းမာရေးမှတ်တမ်းတွေအရ သိရပါတယ်။ ပြောရရင်ကျန်းမာရေးထိခိုက်မှုဟာ
ရောဂါဖြစ်နှုန်းနဲ့ ဆုံးရှုံးမှုနှုန်းအမြင့်ဆုံး၊ အများဆုံးဖြစ်လို့နေပါတယ်။
ကလေးသူငယ်တွေ၊
သက်ကြီးရွယ်အိုတွေ၊ ကိုယ်ဝန်ဆောင်နဲ့ရောဂါအခံရှိသူတွေဟာ လေထု ညစ်ညမ်းမှုရဲ့ ဆိုးကျိုးနဲ့
ကျန်းမာရေးပြဿနာတွေကို ကျန်တဲ့သူတွေထက် ပိုပြီးခံစားရနိုင်ခြေ ရှိတယ်။
ဖြစ်နိုင်ရင် သူတို့ကိုအရင်ဆုံးဂရုစိုက်ကြရပါမယ်။
လေထုညစ်ညမ်းမှုကိုထိန်းချုပ်လျှော့ချနိုင်ဖို့လိုအပ်
လေထုညစ်ညမ်းမှုဟာ
ရာသီဥတုပြောင်းလဲမှုနဲ့လည်း တိုက်ရိုက်သက်ဆိုင်တယ်။ တွင်းထွက် လောင်စာတွေ
အသုံးပြုတာ၊ ယာဉ်ပေါင်းစုံ ကထုတ်လွှတ်တဲ့ မီးခိုးငွေ့တွေ၊ စက်ရုံတွေကထွက်ရှိတဲ့
မီးခိုးတွေ စတာတွေဟာ လေထုညစ်ညမ်းမှုကိုဖြစ်စေတယ်။ ဒီလိုအကြောင်းအရာတွေကြောင့် ဖြစ်ပေါ်နိုင်တဲ့
လေထုညစ်ညမ်းမှုကိုထိန်းချုပ်လျှော့ချနိုင်ဖို့ လိုအပ်လာပါပြီ။ ကျန်းမာရေးဆိုင်ရာ
ဆိုးကျိုးတွေကများပြီး အန္တရာယ်အကြီးမားဆုံး ရောဂါအစုံကိုဖြစ်စေတဲ့
လေထုညစ်ညမ်းမှုကို ဥပဒေပြဋ္ဌာန်းတာ၊ အသိပညာပေးတာစတဲ့ နည်းလမ်းတွေရှာဖွေ
လုပ်ဆောင်ပြီး လူတွေပြုမူ နေထိုင်မှုတွေကနေ ဖြစ်ပေါ်လာတဲ့ လေထုညစ်ညမ်းမှုကို
ထိန်းချုပ်သွားနိုင်ပါတယ်။ ရပ်ကွက်/ ကျေးရွာတွေမှာ လယ်ယာစိုက်ခင်းမီးရှို့တာ၊
တောမီးရှို့တာ၊ အမှိုက်မီးရှို့တာတွေကို အသိပညာပေး တားမြစ်တာတွေ လုပ်ရပါမယ်။
ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောပြ ပေးရပါမယ်။ မြို့ပြ
ဒေသတွေမှာ ကိုယ်ပိုင်ယာဉ်သုံးစွဲမှုကို လျှော့ချကြဖို့၊ အများသုံး သယ်ယူ ပို့ဆောင်မှုကိုမြှင့်တင်ပြီး
ပူးပေါင်းပါဝင်ကျင့်သုံးကြဖို့တွေကိုလည်း ပညာပေးစည်းရုံးဖို့လို အပ်ပါတယ်။
အစားအစာချက်ပြုတ်ရာမှာ ထင်း၊ မီးသွေးလောင်စာသုံးစွဲမှုကိုလျှော့ချဖို့လည်း
ပညာပေးတာ၊ နည်းပညာပိုင်းဆိုင်ရာ အကူအညီပေးတာတွေကို စနစ်တကျ ဆောင်ရွက်သွားဖို့လည်း လိုပါတယ်။
အခုလို လေထုညစ်ညမ်းမှုကို
လျှော့ချနိုင်တဲ့နည်းလမ်းတွေကို စနစ်တကျချမှတ်ပြီး လိုက်နာ ဆောင်ရွက်ကြမယ်ဆိုရင်
ကျန်းမာရေး ဆိုင်ရာပြဿနာတွေကို လျှော့ချနိုင်မှာဖြစ်ပါတယ်။
တစ်ဖက်တစ်လမ်းက အကျိုးပြု
ကျွန်တော်တို့တစ်ဦးချင်းစီအနေနဲ့လည်း
လေထုညစ်ညမ်းမှုကို လျှော့ချရာမှာ ပါဝင်ဆောင်ရွက်နိုင်တဲ့ နည်းလမ်းကောင်းလေးတွေရှိ
ပါတယ်။ ကိုယ်ပိုင်ကားစီးမယ့်အစား အများပြည်သူသယ်ယူပို့ဆောင် ရေးစနစ်ကို
အသုံးပြုမယ်၊ သိပ်မဝေးတဲ့ခရီးတိုဆိုရင် စက်ဘီးစီးပြီး သွားမယ်၊ ဆေးလိပ်သောက်တာ
လျှော့ချမယ်၊ တချို့ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမယ့်အစား ပြန်သုံးစွဲရအောင်
စီမံပြုလုပ် ဆောင်ရွက်မယ် စတဲ့နည်းလမ်းတွေနဲ့ တစ်ဦးချင်းတစ်ယောက်ချင်းစီက လိုက်နာကျင့်သုံးကာ
နေ့စဉ်လူနေမှုဘဝကို ပြောင်းလဲတာဟာလည်း လေထုညစ်ညမ်းမှုလျှော့ချမှုကို တစ်ဖက်တစ်လမ်းက
အကျိုးပြုတာပါပဲ။
သို့ဖြစ်ရာ အခုအချိန်အခါမှာ
လေထုညစ်ညမ်းမှုကို ထိန်းချုပ်လျှော့ချနိုင်ဖို့လိုအပ်နေတာက အမှန်ဖြစ်နေပါပြီ။
လေထုညစ်ညမ်းမှုမဖြစ်အောင်၊ ဖြစ်ပွားမှုပိုတိုးမလာအောင် အသိတရားရှိရှိနဲ့ နေထိုင်ပြုမူလုပ်ဆောင်ကြရပါမယ်။
လေထုညစ်ညမ်းမှုရဲ့အန္တရာယ်ကြီးမားတာ၊ ကျန်းမာရေးဆိုးကျိုးတွေ များတာကို
ကိုယ်ကိုယ်တိုင်သိရှိနားလည် ဖို့လိုသလို အများသိအောင်လည်း ထပ်ဆင့်မျှဝေပေးကြရင်း
ပတ်ဝန်းကျင်လေထုညစ်ညမ်းမှုကို သတိပြုပြီးနေထိုင်သွားကြရပါမယ်။ ဒါကြောင့်
ကျွန်တော်တို့အားလုံး လေထုညစ်ညမ်းမှုအန္တရာယ်ကို ဂရုတစိုက်အလေးထားပြီး သတိပြုကာကွယ်ကြပါရန်
တိုက်တွန်းရေးသားလိုက်ရပါတယ်။

No comments