အရေအတွက်မှသည် အရည်အသွေးရှိသော လူ့စွမ်းအားအရင်းအမြစ်ဆီသို့ …
မိုးကေနိုင်
နိုင်ငံတစ်နိုင်ငံ သို့မဟုတ်
လူ့အဖွဲ့အစည်းတစ်ခု ရဲ့တိုးတက်မှု၊ ဖွံ့ဖြိုးမှုဟာ ထိုနိုင်ငံ၊ ထိုလူ့အဖွဲ့
အစည်းရဲ့ အရင်းအမြစ်အင်အားနဲ့ တိုက်ရိုက် အချိုးကျပါတယ်။ ဒီအချက်ကို
အားလုံးကသိပြီး ဖြစ်လို့ အငြင်းပွားစရာမရှိပါ။
ဒါပေမဲ့ အရင်းအမြစ်ဆိုတဲ့အရာမှာ
လူ (Men)၊ ပစ္စည်း (Material)၊ ငွေ (Money)၊ စိတ်ဓာတ် (Mind) နဲ့ စီမံခန့်ခွဲမှု
(Management) ဆိုပြီး M ငါးလုံးကို ယူကြည့်ပါမယ်။ လူအင်အား၊ ပစ္စည်းအင်အား၊
ငွေအင်အား၊ စိတ်ဓာတ်အင်အားနဲ့ စီမံခန့်ခွဲမှုစွမ်းရည်ဆိုပြီး အလွယ်တကူ မှတ်သား
လိုက်ပါတယ်။ ဒီအင်အားတွေနဲ့ပဲ တိုင်းပြည်ကို တည်ဆောက်ကြရတာပါ။
ဒီအင်အားတွေချို့တဲ့ရင် တိုင်းပြည်က မတိုးတက်ဘဲ ဖွံ့ဖြိုးမှုအားနည်းသွားပါမယ်။ M
ငါးလုံးတောင့်တင်းတဲ့နိုင်ငံတွေမှာ တိုးတက်ဖွံ့ဖြိုး နေတ ကြည့်ပြီး ဒီအရင်းအမြစ်အားလုံး
ဘယ်လောက်အရေးပါတယ်ဆိုတာ သိနိုင်မှာဖြစ်ပါတယ်။
လျော့နည်းလာတဲ့လူသားအရင်းအမြစ်
ထို M ငါးလုံးမှာမှ
ထပ်ပြီးစျေးဆစ်လို့ အရေးကြီး ဆုံသော အရင်းအမြစ်ကို ညွှန်ပြပါဆိုရင်လူသား
အရင်းအမြစ်က ပိုအဓိကကျပါတယ်။ အဓိကလူသား အရင်းအမြစ်မှာ စိတ်ဓာတ်၊ အတွေးအခေါ်၊
စဉ်းစားပုံ စဉ်းစားနည်းနဲ့ စီမံခန့်ခွဲမှုအရည်အသွေးများ ပါဝင် နေပြန်တယ်။
ယနေ့ခေတ်ကာလကြီးက တစ်ဦးချင်း ဖြစ်ဖြစ်၊ နိုင်ငံအလိုက်ဖြစ်ဖြစ်ကြည့်ပါ။ အကျပ်အတည်းပေါင်းစုံပြည့်နှက်နေပြီး
ဘယ်ကဏ္ဍ ကြည့်ကြည့်၊ လူအင်အား၊ ငွေနဲ့ပစ္စည်းအင်အားက နေရာတိုင်းမှာ မပြည့်စုံ၊
မလုံလောက်၊ ချို့တဲ့တာ များပါတယ်။ ကမ္ဘာ့နည်းတူ မြန်မာနိုင်ငံမှာလည်း
အဲဒီအတိုင်းပါပဲ။ ၂၀၂၄ ခုနှစ် နောက်ဆုံးကောက်ခဲ့တဲ့ သန်းခေါင်စာရင်းအရ
မြန်မာနိုင်ငံလူဦးရေက ၅၁ သန်းကျော်အထိ လျော့ကျ သွားပါပြီ။ ဒီ data က နိုင်ငံမှာ
လူသားအရင်းအမြစ်ဟာ အတိုင်းအတာ တစ်ခုအထိ လျော့နည်းသွားပြီဆိုတာ ပြနေပါတယ်။
လျော့ကျသွားတဲ့ လူဦးရေအခြေအနေကို
ထင်ဟပ်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်က ယခုလို လူဦးရေ ကျဆင်းသွားခြင်းရဲ့
အကြောင်းအချက်အချို့ကို ပြီးခဲ့တဲ့ ပြည်ထောင်စုအဖွဲ့အစည်းအဝေးမှာ ထည့်သွင်း ပြောကြားခဲ့တာကို
သတိထားမိပါတယ်။ မွေးဖွားနှုန်းကျဆင်းခြင်းအပြင် အကြောင်း အမျိုးမျိုး နဲ့
ပြည်ပနိုင်ငံကို ထွက်ခွာကြတာ၊ အကြောင်းအမျိုးမျိုးနဲ့ သေဆုံးနေတာတွေနဲ့
ပြည်တွင်းလုပ်သားအင်အား ရှားပါးလာတဲ့ပြဿနာကို နိုင်ငံအကြီးအကဲရဲ့ ထောက်ပြမှုကနေ
မှတ်သားမိပါတယ်။
နောက်ဆက်တွဲစာရင်းတွေ
မထုတ်ပြန်သေးပေ မယ့် ယခုလို ထွက်ခွာ/ သေဆုံးမှုမှာ လူငယ်အင်အား က ပိုများနိုင်ကြောင်း
တွက်ဆနိုင်တဲ့အတွက် တန်ဖိုးရှိလူသားအရင်းအမြစ် ဆုံးရှုံးမှုကနေ နိုင်ငံ အပေါ်
အနုတ်သဘောဆောင်တဲ့ သက်ရောက်မှုတွေ နည်းသထက်နည်းအောင် စီမံဆောင်ရွက်ကြရတော့
မှာဖြစ်ပါတယ်။ နိုင်ငံအနေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့ အားလျော်စွာ
ငွေကြေးဓနအင်အားရော အခြေခံ အဆောက်အအုံနဲ့ ရုပ်ဝတ္ထုပစ္စည်းပိုင်းမှာပါ ချို့တဲ့ပါ
တယ်။ ယခုအခါ လူဦးရေတိုးနှုန်းကပါ လျော့ကျလာတယ်ဆိုတော့ နိုင်ငံကိုတိုးတက်အောင်၊
ပြည်သူတွေရဲ့လူမှုစီးပွားဘဝတွေ ကြွယ်ဝ ချမ်းသာအောင်ဆိုရင် ကျွန်တော်တို့မှာ
ရှိနှင့်တဲ့အင်အားနဲ့များစွာ ကြိုးစားအားထုတ်ရမယ်ဆိုတာ ပြသနေပါတယ်။
Agro Based Industry နဲ့
လယ်ယာလုပ်သားဆိုင်ရာ survey တစ်ခု
ဒါဆိုရင် ဘယ်နေရာမှာ ဘာကို
ဘယ်လိုကြိုးစား အကောင်အထည်ဖော်ကြမလဲဆိုတဲ့ မေးခွန်းဖြစ်လာ တယ်။ ဒါကိုပဲ
နိုင်ငံတော်အကြီးအကဲရဲ့ မိန့်ခွန်းက နေ ပြန်ကောက်နိုင်ပါတယ်။ မိန့်ခွန်းမှာ
အကြီးအကဲ က စိုက်ပျိုးမွေးမြူရေးကိုအခြေခံတဲ့ စက်မှုလုပ်ငန်း Agro Based Industry
ကို ဦးစားပေးမှာကြားခဲ့ပြီး လူသားအရင်းအမြစ်များ လိုအပ်ချက်ရှိနေမှုကို ထပ်တလဲလဲ
မှာကြားသွားခဲ့တာ သတိထားမိပါတယ်။ နိုင်ငံရဲ့ အဓိကအားထားရာနယ်ပယ်က
စိုက်ပျိုးမွေးမြူရေးဖြစ်တဲ့အတွက် စိုက်ပျိုးရေးနဲ့ လူသား အရင်းအမြစ် ဆက်စပ်မှုကို
ကျွန်တော်တို့ အလေးထားဖော်ထုတ်ရမှာ ဖြစ်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဌာနမှာ
တာဝန်ထမ်းဆောင်နေ ရင်း စီးပွားရေးတက္ကသိုလ်တစ်ခုမှာ ဖွံ့ဖြိုးမှုမဟာ ဘွဲ့ယူမယ့်
ဝန်ထမ်းတစ်ဦးရဲ့ တင်သွင်းခဲ့တဲ့ သုတေသနစာတမ်းတစ်ခုကနေ တွေ့ရှိချက်နဲ့
သုံးသပ်ချက်တွေကို တင်ပြလိုပါတယ်။ ထိုဝန်ထမ်းက မကွေးတိုင်းဒေသကြီး
နယ်မြို့တစ်မြို့က ရွာသုံးရွာမှာ စပါးစိုက်လယ်သမားရှားပါးလာတဲ့
အခြေအနေကိုအရင်းခံပြီး လယ်သမား ၁၈၀ ကို Survey တစ်ခုပြုလုပ်ခဲ့ပါတယ်။
ဖော်ထုတ်ချင်တာက
လယ်သမားရှားပါးရခြင်း အကြောင်းများစွာထဲက အဓိကအကြောင်းရင်းနဲ့ အကျိုးဆက်တွေကို
ဖော်ထုတ်နိုင်ဖို့ပါပဲ။ စစ်တမ်းအရ လယ်ယာလုပ်ငန်းကရတဲ့ အမြတ်ကနည်းပြီး
ဝင်ငွေမလုံလောက်လို့၊ ဝင်ငွေပုံမှန်မရလို့၊ ပင်ပန်းဆင်းရဲလို့၊
စိုက်ပျိုးရေမလုံလောက်လို့၊ ရာသီဥတု မမှန်လို့၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ လယ်ယာ
သုံးစက်ပစ္စည်း စတဲ့သွင်းအားစုတန်ဖိုးတွေ စျေးမြင့် တက်လာလို့၊ နယ်မြေအခြေအနေ
မတည်ငြိမ်လို့ စတဲ့မူလအကြောင်းတရားတွေကနေ မိမိဘိုးဘွားပိုင် လယ်လုပ်ငန်းမှာ
စိတ်မဝင်စားကြတော့ဘဲ လယ်လုပ်ငန်းကို စွန့်ခွာကြပြီး မြို့ပြပုဂ္ဂလိက လုပ်ငန်းတွေ၊
အစိုးရလုပ်ငန်းတွေမှာ ဝင်လုပ်ကြ၊ နိုင်ငံခြားထွက်ကြ စတဲ့အဓိကကျတဲ့အကြောင်းရင်း
တွေကို လယ်သမားတွေရဲ့ ပြောဆိုချက်တွေကနေ ဖော်ထုတ်ရရှိခဲ့ပါတယ်။
နောက်ဆက်တွဲ
ဆိုးကျိုးတွေအနေနဲ့လည်း လယ်သမားတစ်ဦးချင်းဝင်ငွေ နည်းသထက်နည်းလာပြီး
စိုက်ပျိုးထုတ်လုပ်မှုအပိုင်းမှာပါ သက်ရောက်မှုတွေရှိလာနိုင်ကြောင်း
ဖွင့်ဟကြပါတယ်။ တွေ့ရှိချက်ကနေ ထိုဝန်ထမ်းရဲ့စာတမ်းမှာ မူဝါဒပိုင်းဆိုင်ရာ
အကြံပြုချက်တွေကိုပါ တင်ပြခဲ့တာ တွေ့ရပါတယ်။ စိုက်နည်းစနစ်၊
စိုက်ပျိုးရေလိုအပ်ချက်နဲ့အတူ နေရာင်ခြည်စွမ်းအင်နဲ့ ဆိုလာစနစ်တွေအပိုင်း၊
သွင်းအားစုအပိုင်း၊ သုတေသနများများလုပ်ကာ လယ်သမားတွေကို သင်တန်းပေးပြီး ကျွမ်းကျင်လယ်ယာလုပ်သားတွေ
ထွက်ပေါ်လာဖို့ အကြံပြုချက်တွေ ပါဝင်ခဲ့ပါတယ်။
တွန်းအားနဲ့ဆွဲအား
အကြောင်းတရားများ
ဘာကိုပြောချင်တာလဲဆိုတော့
ကျွန်တော်တို့ မြန်မာတွေအားထားရာ စပါးစိုက်ပျိုးရေးမှာ လယ်ယာ လုပ်ငန်းခွင်ကို
စွန့်ခွာသွားကြတဲ့အတွက် လူသားအရင်းအမြစ်မှာ အတိုင်းအတာတစ်ခုအထိ ဆုံးရှုံး နေတာကို
တွေ့မြင်ရတဲ့အချက်ပါ။ တွေ့ရှိခဲ့တဲ့ အကြောင်းရင်းတွေကိုပဲ ထပ်မံခွဲခြမ်း စိတ်ဖြာလိုက်ရင်
လယ်ယာလုပ်ငန်းခွင်က လူသားအရင်းအမြစ် ဆုံးရှုံးမှုအကြောင်းတရားတွေဟာ အခြားသော
နယ်ပယ်တွေက လူသားအရင်းအမြစ်ကို ထင်ဟပ် နိုင်တဲ့အချက်တွေကို တွေ့ရတယ်။
ဝင်ငွေနည်းတာ၊
ပံ့ပိုးမှုပိုင်းအားနည်းတာ စတဲ့အချက်တွေဟာ အခြားသောကဏ္ဍတွေမှာရော ရှိနိုင် ပါသလား
မေးစရာဖြစ်ပါတယ်။ နောက်တစ်ခုက နယ်မြေအခြေအနေ မတည်ငြိမ်မှုက ဒေသခံတွေရဲ့
လုပ်ငန်းခွင်လုံခြုံမှုကို ထိခိုက်စေတယ်ဆိုတဲ့ အကြောင်းအချက်ပါ။ သူတို့ရဲ့အနာဂတ်
အခွင့်အလမ်းနဲ့ မျှော်လင့်ချက်တွေအတွက် အာမခံချက်မရှိတဲ့ အခြေအနေမျိုးအထိရောက်လာရင်
လူတွေက သူတို့ လုပ်ငန်းခွင်ကို အလွယ်တကူ စွန့်ခွာသွားနိုင်ပါတယ်။
စွန့်ခွာခဲ့ရင်ရော သူတို့ဘယ်နေရာဆီ သွားကြမလဲ၊ လက်ရှိအခြေအနေထက်သာမယ်ထင်ရတဲ့
မြို့ပြကပုဂ္ဂလိကအလုပ်တွေ၊ နိုင်ငံ့ ဝန်ထမ်းအလုပ်တွေနဲ့ နိုင်ငံခြားကလုပ်ငန်းတွေဆီ
ရောက်သွားမှာပဲ။ အဓိကအချက်က ဝင်ငွေကောင်း တဲ့နေရာ၊ ပိုလုံခြုံတဲ့နေရာ၊
ဘဝအာမခံချက်ပိုရှိမယ့်နေရာရယ်လို့ သူတို့ယူဆတဲ့နေရာအားလုံး ဖြစ်နိုင်ပါတယ်။
ထပ်ပြီး ခွဲခြမ်းစိတ်ဖြာရင်
အကြောင်းတရားများမှာ တွန်းအားအကြောင်းတရားများ (Push Factors) နဲ့
ဆွဲအားအကြောင်းတရားများ(Pull Factors) ရယ် လို့ ခွဲခြားနိုင်ပါသေးတယ်။ ဝင်ငွေနည်းလို့
စားဝတ် နေရေးပြေလည်အောင်ဆိုတဲ့ အကြောင်းပြချက်မျိုး က Push Factors ဖြစ်ပြီး
သူတို့တွေအတွက် ဘဝ အာမခံချက်ရှိပြီး မက်လုံးကောင်းကောင်းနဲ့ ဆွဲဆောင်မှုမျိုးက
Pull Factors ဖြစ်မှာပါ။ ဒီအကြောင်းပြချက်နှစ်မျိုးက လူငယ်တွေရဲ့ လက်ရှိနဲ့
အနာဂတ်အခွင့်အလမ်းတွေအပေါ် လွှမ်းမိုးနေတဲ့ အတွက် မူဝါဒချမှတ်သူတွေ၊
စီမံခန့်ခွဲသူတွေအနေနဲ့ Push Factors ကို နည်းအောင်နဲ့ Pull Factors ကို
များလာအောင် လုပ်ပေးနိုင်ခြင်းက လူသားအရင်းအမြစ်စီမံခန့်ခွဲမှုမှာ
များစွာထိရောက်စေမှာ ဖြစ်ပါတယ်။
စွမ်းရည်ရှိပြီး
ထိရောက်အောင်မြင်ဖို့
လူသားအရင်းအမြစ်လည်း နည်းလာတယ်၊
ငွေကြေးဓနနဲ့ ပစ္စည်းအင်အားမှာလည်း အကန့်အသတ် ရှိနေတယ် ဆိုပါစို့။ လက်ရှိမှာလည်း
နေရာတိုင်း၊ နယ်ပယ်တိုင်းမှာ အကန့်အသတ်နဲ့သာ လုပ်နေကြရတာဖြစ်တယ်။
ဒီအရင်းအမြစ်အားလုံး ပြည့်ပြည့်စုံစုံနဲ့ လုံလောက်တယ်ဆိုတာ ရှိတော့ရှိတယ်၊
ရှားလှပါတယ်။ လူ၊ ငွေကြေး၊ ပစ္စည်း အင်အားချမ်းသာတဲ့ ကုမ္ပဏီတွေ၊ လုပ်ငန်းရှင်တွေ
တောင်မှ လူအင်အားအနည်းဆုံး၊ ငွေကြေးရင်းနှီး မြှုပ်နှံမှုအနည်းဆုံးနဲ့
ပစ္စည်းသုံးစွဲရမှု နည်းနိုင်သမျှ အနည်းဆုံးစိုက်ထုတ်ပြီးမှ အမြတ်များများရအောင်
လုပ်ကြတာပါ။ (Efficient ဖြစ်စွာနဲ့ Effective ဖြစ်အောင် လုပ်ကြခြင်း)။
အကန့်အသတ်တွေအောက်မှာ ဒီလိုဖြစ်လာဖို့ဆိုရင် စီမံခန့်ခွဲမှုနဲ့ အလုပ်လုပ်သူတွေရဲ့
စိတ်နေသဘောသဘာဝက အရေးကြီးလာပါပြီ။ ပေးထားတဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့အတွက်
လူ၊ ငွေကြေး၊ ပစ္စည်းချို့တဲ့တဲ့ အနေအထားမှာ အကောင်းဆုံးသော စီမံခန့်ခွဲမှုနဲ့ မြင့်မြင့်မားမား
စိတ်ဓာတ်ကောင်းတွေရှိဖို့ လိုအပ်ပါတယ်။ လုပ်သားတွေ စိတ်ဓာတ်ကောင်းကောင်း နဲ့
သူတို့အပေါ် စီမံခန့်ခွဲမှုကောင်းမှသာ ချို့တဲ့နေတဲ့ အရင်းအမြစ်နေရာကို
ထိန်းညှိနိုင်မှာဖြစ်ပြီး လုပ်ငန်းတွေလည်း အောင်မြင်လာမှာ ဖြစ်ပါတယ်။
စိတ်ပိုင်း၊ ရုပ်ပိုင်းကျန်းမာပြီး
လုပ်ချင်ကိုင်ချင်စိတ်ရှိအောင်
လူသားအရင်းအမြစ်နဲ့ပတ်သက်ပြီး
နိုင်ငံတော် အကြီးအကဲရဲ့ မကြာခဏ မှာကြားချက်တွေမှာ နိုင်ငံမှာ ပညာတတ်၊
ပညာရှင်အမြောက်အမြား မွေးထုတ်ရမှာဖြစ်ပြီး စိတ်ပိုင်း၊ ရုပ်ပိုင်း ကျန်းမာ
သန်စွမ်းတဲ့ ပညာရှင်တွေနဲ့သာ လူ့စွမ်းအားအရင်း အမြစ်ကို
တည်ဆောက်နိုင်မှာဖြစ်ကြောင်း ထောက်ပြချက်ကို အလေးထားမိပါတယ်။ ပညာ၊ ကျန်းမာနဲ့
တည်ဆောက်ပြီးသား လူ့အရင်းအမြစ်ကို ရေရှည် တည်တံ့အောင် ထိန်းသိမ်းရမယ့်တာဝန်လည်း
ရှိပါတယ်။ ဒါမှလည်း အိတ်ပေါက်နဲ့ ဖားကောက်သလိုမဖြစ်ဘဲ ရှိပြီးသား လူသားအရင်း
အမြစ်ကို ကာကွယ်ထိန်းသိမ်းနိုင်မှာ ဖြစ်ပါတယ်။
ဒီလို ထိန်းသိမ်းကြရာမှာ
လူတွေရဲ့အချို့စိတ်ပိုင်း ဆိုင်ရာတွေကို လျစ်လျူမရှုသင့်ပါဘူး။ အဓိက အချက်က
အလုပ်အပေါ်မှာစေတနာထားပြီး သစ္စာရှိရှိ၊ ကြိုးကြိုးစားစားနဲ့
လုပ်ချင်ကိုင်ချင်စိတ်ရှိဖို့နဲ့ တွန်းအားပေးဖို့ပါပဲ။ လုပ်ချင်ကိုင်ချင်စိတ်ကို မပျိုးထောင်ခင်
အပြောင်းအလဲမြန်ဆန်တဲ့ လက်ရှိ အခြေအနေမှန်ကို နားလည်လက်ခံအောင်လည်း စည်းရုံးထားသင့်တယ်လို့ယူဆပါတယ်။
ဒီဘက်ခေတ်တွေမှာ အပြောင်းအလဲကို လက်ခံနိုင်စွမ်းရှိခြင်းကိုလည်း
အရည်အချင်းတစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။ အထူးသဖြင့် ခေါင်းဆောင်မှုအပိုင်းမှာပါ။
အကျပ်အတည်းတွေ၊
ဖိစီးမှုတွေအောက်မှာ Motivation ဆိုတဲ့ လှုံ့ဆော်မှုနဲ့ သူတို့ရဲ့တန်ဖိုးကို
အသိအမှတ်ပြုခြင်း၊ ချီးကျူးဂုဏ်ပြုခြင်း၊ လုပ်ငန်းရည်မှန်းချက်နဲ့ မိမိတို့
ဘဝရည်မှန်းချက်တွေဟာ တစ်သားတည်းဖြစ်ကြောင်း ခံယူချက်မှန်အောင်
လှုံ့ဆော်ပေးခြင်းအားဖြင့် ဝန်ထမ်းတွေဟာ အလုပ် လုပ်ရာမှာ စေတနာပါပြီး
သစ္စာရှိလာကြမှာ၊ တက်တက်ကြွကြွရှိလာကြမှာ ဖြစ်ပါတယ်။ စိတ်အား ထက်သန်ခြင်းဟာ
လုပ်ငန်းအောင်မြင်ရေး မှာ အလွန်အရေးကြီးတဲ့အတွက်ပါ။
ငွေကြေးအရ
အထောက်အကူမပြုနိုင်ရင်တောင် ဥပမာ သင်တန်းတက်ခွင့်ပေးမယ်၊ သူတို့ဘဝမှာ
နောက်ထပ်ပညာတိုးလာမယ်၊ အသိတိုးမယ်၊ အတွေ့အကြုံရပြီး ကျွမ်းကျင်အဆင့်တွေဖြစ်လာ မယ်၊
လူမှန်နေရာမှန်နဲ့ လုပ်ငန်းခွင်နေပျော်ပြီး တစ်နည်းနည်းနဲ့
ဘဝလုံခြုံမှုရှိနေတယ်လို့ ခံစားရရင် ကို လူ့စွမ်းအားအရင်းအမြစ်ကို မပြုန်းတီးအောင်
ကာကွယ်ထားနိုင်မှာဖြစ်ပါတယ်။ ဒီအချက်တွေဟာ ဝန်ထမ်းလုပ်သားတွေရဲ့လုပ်ရည်ကိုင်ရည်နဲ့
စွမ်းဆောင်မှုကိုတိုးစေတဲ့ လူသားဆန်တဲ့ စီမံခန့်ခွဲမှုပုံစံပါပဲ။
ဒီဆောင်းပါးမှာ
လူ့စွမ်းအားအရင်းအမြစ်တစ်ခုရဲ့ အရေးကြီးပုံနဲ့တကွ အရေအတွက်အားဖြင့် လျော့နည်းလာတဲ့
အရင်းအမြစ်တွေကို အရည်အသွေးရှိတဲ့ လူ့စွမ်းအားတွေအဖြစ်နဲ့ စွမ်းရည်မြင့်မား လာအောင်
စိတ်ဓာတ်၊ စီမံခန့်ခွဲမှုတို့နဲ့ တည်ဆောက်နိုင်ပုံကို နိုင်ငံအကြီးအကဲရဲ့
လမ်းညွှန်ချက်တွေနဲ့ ထင်ဟပ်ပြီး တင်ပြခဲ့ပါတယ်။
ရှားပါးလာတဲ့
လူ့စွမ်းအားအရင်းအမြစ်နဲ့ ငွေကြေးပစ္စည်းဥစ္စာတွေကို ဘယ်လိုစီမံခန့်ခွဲမလဲ
ဆိုတာတော့ အခြေအနေ၊ အချိန်အခါ၊ နေရာဒေသ ကိုကြည့်ပြီး စီမံရမှာပါ။ နောက်ဆုံးတော့ M
ငါးခုပါပဲ။ ဒီအင်အား၊ ဒီစွမ်းရည်တွေနဲ့ပဲ အရေအတွက်ကနေ အရည်အသွေးရှိတဲ့ လူ့စွမ်းအား
အရင်းအမြစ်ကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။

No comments