ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ရွှေစည်းခုံစေတီတော်ကြီးအား ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲဆောင်ရွက်နိုင်ရေး ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်



နေပြည်တော် ဖေဖော်ဝါရီ ၃

ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသရှိ ရွှေစည်းခုံစေတီတော်ကြီး ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲဆောင်ရွက်နိုင်ရေး ဆဋ္ဌမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့တွင် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနရှိ လောကနတ်ခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ မြန်မာနိုင်ငံ ဗိသုကာ ကောင်စီဥက္ကဋ္ဌ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့် တာဝန်ရှိသူများ၊ ရွှေစည်းခုံ ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်မည့် ရွှေစည်းခုံစေတီတော် Master Plan ရေးဆွဲရေး ဦးဆောင်ကော်မတီ၊ Master Plan ရေးဆွဲရေး လုပ်ငန်းကော်မတီနှင့် အထောက်အကူပြုကော်မတီများ ဖွဲ့စည်းပြီး အစည်းအဝေးများ ကျင်းပကာ ဆောင်ရွက်ရမည့်လုပ်ငန်းများအတွက် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြပါကြောင်း။

ထို့ပြင် အစည်းအဝေးများမှ ရရှိလာသော ဆုံးဖြတ်ချက်များ၊ အကြံပြုချက်များကို အကောင်အထည်ဖော် ဆောင်ရွက်မှုအနေဖြင့် Master Plan မူကြမ်း စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေး တက်ရောက်လာကြသူများက ရွှေစည်းခုံစေတီတော်ကြီး၏ Master Plan မူကြမ်းစီစဉ်ထားရှိမှုအပေါ် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြစေလိုကြောင်း၊ Master Plan ရေးဆွဲ ပြီးစီးပါက နိုင်ငံတော်အကြီးအကဲထံ အတည်ပြုချက်ရယူပြီး လုပ်ငန်းများ ဆက်လက် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အကောင်းဆုံးဖြစ်အောင် ကူညီဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေစည်းခုံစေတီတော်ပြုပြင် ထိန်းသိမ်းရေးလုပ်ငန်းများ ရေရှည်စနစ်တကျဆောင်ရွက်နိုင်ရန်အတွက် ဘက်စုံလွှမ်းခြုံသော လုပ်ငန်းအစီအစဉ် Master Plan ရေးဆွဲရာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လိုအပ်ချက် မရှိစေရန် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ယင်းနောက် မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီးနှင့် အစည်းအဝေး တက်ရောက်လာကြသူများက လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ထည့်သွင်းရေးဆွဲသင့်သည်များ၊ သတ်မှတ်ကာလအတွင်း Master Plan (မူကြမ်း) ပြီးစီးရန် ဆောင်ရွက်မည့် အစီအမံများကို ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြီး Master Plan အား အပြည့်စုံဆုံး၊ အကောင်းဆုံးဖြစ်စေရေး၊ သတ်မှတ်ထားသည့်အချိန်တွင်ပြီးစီးနိုင်ရေး ပူးပေါင်း ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments

Powered by Blogger.