(၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်
နေပြည်တော် ဖေဖော်ဝါရီ ၃
(၇၈) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို နေပြည်တော် ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌
ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်သည်။
ပြပွဲအတွင်း
တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ ဒေသထွက် MSME ထုတ်ကုန်များ၊ ရိုးရာ အစားအစာများကို
တစ်နေရာတည်းတွင် လေ့လာဝယ်ယူနိုင်ပြီး တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကိုလည်း
လေ့လာနိုင်မည်ဖြစ်ရာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက်
သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို
စုစည်းဖော်ပြလိုက်ရပါသည်-
ဒေါ်ရီရီသန်း (စီးပွားရေးရာဝန်ကြီး၊
စစ်ကိုင်းတိုင်းဒေသကြီး)
ကျွန်မတို့ တိုင်းဒေသကြီးပြခန်းမှာ
အသေးစား၊ အငယ်စား၊ အလတ်စားနဲ့ OROP ထုတ်ကုန်တွေကို ပြသရောင်းချသွားမှာဖြစ်ပါတယ်။
ပြိုင်ပွဲအတွက်ကတော့ အမျိုးအစား တစ်မျိုးကို လုပ်ငန်းရှင် ၃ ဦးစီနဲ့ လုပ်ငန်းရှင်ပေါင်း
၁၂ ဦးက ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။ ပြည်တွင်း ကုန်ကြမ်းသုံး ထုတ်ကုန်တွေအနေနဲ့ ဘရိတ်ရှူးနဲ့
ဆိုင်ကယ်အပိုပစ္စည်းတွေ၊ ကြိမ်ထည်တွေ၊ အင်ကြင်းကျောက်ရတနာလုပ်ငန်းတွေ ပါဝင်မှာဖြစ်ပါတယ်။
သွင်းကုန် အစားထိုး တန်ဖိုးမြှင့်ထုတ်ကုန်တွေအနေနဲ့ ပလတ်စတစ်မျိုးစုံ၊ စပါးခွံချွတ်စက်၊
ဆန်စက်အပို ပစ္စည်းတွေ၊ မွေ့ယာ၊ ခေါင်းအုံး၊ ဖက်လုံး၊ ကလေးဒေသ ရိုးရာအထည်တွေ၊ ချင်းရိုးရာအထည်နဲ့
အဝတ်အထည် အသုံးအဆောင်ပစ္စည်းတွေ၊ ချည်ထည်အမျိုးမျိုး၊ ဆပ်ပြာကုန်ကြမ်းတွေ ပါဝင်ပါတယ်။
စိုက်ပျိုးမွေးမြူရေး
အခြေခံထုတ်ကုန်အနေနဲ့ ခေါက်ဆွဲခေါက်၊ သဘာဝငရုတ်သီး အကြမ်းမှုန့်၊ အနုမှုန့်၊ ငရုတ်အလှော်မှုန့်၊
နနွင်းမှုန့်၊ နို့၊ မလိုင်၊ မရမ်းသီး အနှစ်၊ ဒန့်သလွန်သီးအခြေခံဆပ်ပြာ၊ ပေါင်းဆေး၊
ဆပ်ပြာခရင်၊ သစ်သီးယိုစုံ၊ ပဲစိမ်းမှုန့်၊ ပဲကျက်မှုန့်၊ ပဲကြာဇံ၊ တိုင်းရင်းဆေးအမျိုးမျိုး၊
မုံရွာစက်မှုဇုန် ထုတ်ထွက်ကုန်တွေ၊ ဝိုင်နဲ့ ဆိတ်သားခြောက်လုပ်ငန်းတွေ ပါဝင်မှာ ဖြစ်ပါတယ်။
ဒေသရိုးရာအစားအစာ အရောင်းပြခန်းမှာ ခိုတောင်မုန့်တီ၊ ထမင်းသုပ်၊ ရေဦးဝက်အူချောင်း၊
လက်ဖက်အကြော်စုံ၊ ဆိတ်သားခြောက်၊ တို့ဟူးခြောက်ကြော်၊ ကသာငါးကြီးချဉ်၊ ရွှေဘို ပေါင်းတင်း၊
ရွှေဘိုဝင်းဝင်းကိတ်၊ ရှားစောင်းလက်ပတ်ယို စသဖြင့် ဒေသထွက် အစားအစာတွေကိုလည်း ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။
ဦးထိန်စိုး
(ဒုတိယညွှန်ကြားရေးမှူး၊ မွန်ပြည်နယ်ပြခန်းတာဝန်ခံ)
ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲပြိုင်ပွဲမှာ မွန်ပြည်နယ်အနေနဲ့ ပြည်တွင်း ကုန်ကြမ်းသုံး ထုတ်ကုန်ပစ္စည်းတွေကို
လုပ်ငန်း ၈ ခုက ထုတ်ကုန် ၅၃ မျိုး၊ သွင်းကုန်အစားထိုး တန်ဖိုးမြှင့် ထုတ်ကုန်တွေအနေနဲ့
ကဏ္ဍ ၄ ခုက ထုတ်ကုန် ၂၅ မျိုး၊ စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်တွေအနေနဲ့ လုပ်ငန်း ၃
ခုက ထုတ်ကုန် ၁၂ မျိုး၊ ပြည်ပပို့ကုန်ကဏ္ဍမှာ လုပ်ငန်း ၃ ခုက ထုတ်ကုန် ၈ မျိုး၊ ဒေသတစ်ခုထုတ်ကုန်တစ်ခု
OROP ထုတ်ကုန်တွေအနေနဲ့ လုပ်ငန်း ၇ ခုက ထုတ်ကုန် ၈၅ မျိုး စုစုပေါင်း
ကဏ္ဍ ၅ ခုက ထုတ်ကုန်အရေအတွက် ၁၈၃ မျိုးပါဝင် ပြသသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ပြခန်းမှာ
ပြည်ပပို့ကုန်တွေကို အဓိကထားပြီး ပြသသွားမှာဖြစ်ပြီး ကွမ်းသီး၊ ဝဥ၊ ဝဥမှုန့်၊ လုပ်ငန်းသုံးဆား၊
ငါး ပုစွန်တွေကို လာရောက်ပြသမှာ ဖြစ်ပါတယ်။ ရွာလွတ်ကျေးရွာက လက်မှုပစ္စည်းတွေ၊ မုဒွန်းကျေးရွာက
ကျောက်သင်ပုန်း၊ ဆေးတံတွေ၊ ရော်ဘာနဲ့ပတ်သက်တဲ့ ပစ္စည်းတွေဖြစ်တဲ့ ကားတာယာတွေကိုလည်း
ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒေသထွက်ရိုးရာအစားအစာတွေအနေနဲ့
ကျွန်တော်တို့ မြန်မာတွေအားလုံးသိရှိပြီးဖြစ်တဲ့ သင်္ကြန်ထမင်းနဲ့ လက်ညှစ်ရေစိမ်မုန့်တီတွေကို
အဓိကထားပြီး ရောင်းချသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွဲကောသီး အပါအဝင် ဒေသထွက် အသီးအနှံတွေကိုလည်း
ပြသရောင်းချသွားမှာ ဖြစ်ပါတယ်။
ဦးကြေးမုံထွန်း
(ဒုတိယညွှန်ကြားရေးမှူး၊
ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန)
ကျွန်တော်တို့ ပြည်နယ်ပြခန်းမှာ
ပြည်တွင်းကုန်ကြမ်းသုံး ထုတ်ကုန် ၂၇ မျိုး၊ သွင်းကုန်အစားထိုး ထုတ်ကုန် ၃၃ မျိုး၊ OROP ထုတ်ကုန် ၃ မျိုး စုစုပေါင်း ၆၆ မျိူး စုစည်းပြသ ရောင်းချသွားမှာဖြစ်ပါတယ်။
ပြည်တွင်းထုတ်ကုန် လုပ်ငန်းအနေနဲ့ အသေးစားလုပ်ငန်းတစ်ခု၊ အငယ်စားလုပ်ငန်းနှစ်ခု ဝင်ရောက်ယှဉ်ပြိုင်သွားမှာ
ဖြစ်ပါတယ်။ ကျွန်တော်တို့ ပြည်နယ်က OROP ထုတ်ကုန်အနေနဲ့ သံတောင်ကြီး
ကော်ဖီ၊ ရော်ဘာနဲ့ ဆန်စပါး ဒီသုံးမျိုး ပါဝင်ယှဉ်ပြိုင်ဖို့ ရွေးချယ်ထားပါတယ်။ ရိုးရာအစားအသောက်ဆိုင်
ခန်းမှာဆိုရင် ကရင်မုန့်တီ၊ တာလပေါ့ဟင်းလျာတွေ၊ မုန့်ခွက်ပြင်၊ ကောက်ညှင်းကျည် တောက်၊
ငှက်ပျောခြောက် စတဲ့ ဒေသထွက် အစားအစာတွေကို အဓိကရောင်းချသွားမှာဖြစ်ပါတယ်။ ဒီလိုပြပွဲကနေတစ်ဆင့်
ကျွန်တော်တို့ ဒေသက MSME လုပ်ငန်းရှင်တွေနဲ့ တခြားဒေသက MSME လုပ်ငန်းရှင်တွေ အချင်းချင်း
အချိတ်အဆက်ရအောင်၊ ဒေသရဲ့ ထုတ်ကုန်အရင်းအမြစ်တွေကို ဖလှယ်လို့ရအောင်၊ အားသာချက်တွေ
ရရှိအောင် လုပ်ဆောင်သွားမှာဖြစ်ပါတယ်။
ဦးကျော်မင်းခိုင်
(တိုင်းရင်းသားရေးရာဝန်ကြီး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့)
ကချင်ပြည်နယ်ပြခန်းမှာ
ကချင်ပြည်နယ်ကထွက်တဲ့ ကုန်ကြမ်းထုတ်ကုန် ၈၇ မျိုး၊ စိုက်ပျိုးမွေးမြူရေး အခြေခံထုတ်ကုန်
၄၁ မျိုးနဲ့ OROP
ထုတ်ကုန် ၁၈ မျိုးကို ပါဝင် ပြသသွားမှာ ဖြစ်ပါတယ်။ OROP အနေနဲ့ ကချင်ပြည်နယ်ရဲ့ အထင်ကရဖြစ်တဲ့ ကချင်ရိုးရာအထည်တွေ၊ ဂရိတ်ဖရုအသီး၊ သစ်ကြားသီးတွေ၊
မက်လင်ချဉ်ခြောက်နဲ့ ပြည်ပတင်ပို့နေတဲ့ တစ်ရှူးငှက်ပျောတွေကို ပါဝင်ပြသသွားမှာဖြစ်ပါတယ်။
ကျွန်တော်တို့ ဒေသထွက် ရှီးပတီး ကုန်ကြမ်းနဲ့ ပြုလုပ်ထားတဲ့ ဆပ်ပြာ၊ အမွှေးနံ့သာဆီ၊ ဝိုင်၊ အသားခြောက်လုပ်ငန်းနဲ့ ကျွန်တော်တို့ ပြည်နယ်ကထွက်တဲ့
ကျောက်စိမ်း တွေကို ပါဝင်ပြသသွားမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့ ဒေသက
လာရတာ အလှမ်းဝေးပါတယ်။ ကုန်ကျစရိတ်ကလည်း အတော်များတော့ ပြည်နယ်အစိုးရက ကျခံပေးပါတယ်။
လုပ်ငန်းရှင်တွေ ဒီလို MSME
ထုတ်ကုန်ပြပွဲပြိုင်ပွဲတွေမှာ ပါဝင်ပြသနိုင်အောင် ကျွန်တော်တို့ ပြည်နယ်အစိုးရအဖွဲ့
အနေနဲ့ ကြိုးစားပါတယ်။ အကျိုးအမြတ်တွေကိုလည်း ရှင်းပြတော့ လုပ်ငန်းရှင်တွေလည်း စိတ်ဝင်စားလာကြတယ်။
ဒီလို ပြပွဲပြိုင်ပွဲတွေက ဒေသအတွင်း MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်လာဖို့ကို
များစွာအထောက်အကူပြုမယ်လို့ ထင်ပါတယ်။ ဒီလို ပြပွဲ ပြိုင်ပွဲတွေကနေ တစ်ဒေသနဲ့တစ်ဒေသ
မတူကွဲပြားတဲ့ အကျင့်စရိုက်တွေ၊ အစားအသောက်တွေ၊ ဓလေ့တွေ အားလုံးကို နားလည်သွားလိမ့်မယ်။
တိုင်းရင်းသားတွေ အချင်းချင်း ပြည်ထောင်စုဖွားတွေပဲဆိုတဲ့ စိတ်ဓာတ်နဲ့ ပိုမိုနီးစပ်လာမယ်လို့
ထင်ပါတယ်။ ဒါကြောင့် နှစ်စဉ်ကျင်းပပေးသင့်တယ်လို့ ထင်ပါတယ်။
တွေ့ဆုံမေးမြန်း-ဝင်းဝင်းမင်း
ဓာတ်ပုံ-ဖိုးပြည့်စုံ





No comments