ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်း ပြည့်မီစေရေး ညှိနှိုင်းစည်းဝေး
ပဲခူး အောက်တိုဘာ ၂၃
စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့်
ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး
တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊
တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်
တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က
မိရိုးဖလာစိုက်နည်းစနစ်များ အချိန်မီပြောင်းလဲနိုင်ရေး ဆောင်ရွက်ပေးသွားရန်၊ ဆီထွက်သီးနှံများဖြစ်သည့်
နေကြာနှင့် နှမ်းသတ်မှတ်ဧက ပြည့်မီစေရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထား
ဆောင်ရွက်သွားရန်၊ သီးညှပ်စိုက်ဧကလျှော့ချပြီး သီးထပ်ဧကတိုးတက်စေရေး ဆောင်ရွက်သွားရန်၊
နှစ်ရှည်သီးနှံ စိုက်ဧကများတွင် ရိုဘက်စတာကော်ဖီနှင့် ကိုကိုးစိုက်ပျိုးရေး စည်းရုံးဆောင်ရွက်သွားရန်၊
ဒေသတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် အသားငါး ဖူလုံပိုလျှံစေရေး လအလိုက် သတ်မှတ်မွေးမြူရမည့်
စီမံချက်ပါအတိုင်း အပြည့်အဝမွေးမြူနိုင်ရေး ကွင်းဆင်းကြီးကြပ် ဆောင်ရွက်သွားရန်နှင့်
စိုက်ပျိုးသီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်စေရေး အသိပညာပေးခြင်းများ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားရန်
ဆွေးနွေးမှာကြားသည်။
ထို့နောက် ခရိုင်နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများက
မိုးသီးနှံစိုက်ပျိုးထားရှိမှု၊ ထွက်ရှိမှု၊ ဆောင်းသီးနှံစိုက်ပျိုးမည့်စီမံချက်များကိုလည်းကောင်း၊
ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ပတ်သက်၍ လိုအပ်ချက်များကိုလည်းကောင်း၊
တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်မည့်
အစီအစဉ်များကိုလည်းကောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးက စိုက်ပျိုးရေးကဏ္ဍနှင့်
ပတ်သက်သည့် ညွှန်ကြားချက်များကို လည်းကောင်း
ရှင်းလင်းတင်ပြကြပြီး လုံခြုံရေးနှင့်
နယ်စပ်ရေးရာဝန်ကြီးက လိုအပ်သည်များကို ဖြည့်စွက်ရှင်းလင်း တင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က
မြို့နယ်တစ်ခုချင်းအလိုက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး
ဝိုင်းဝန်းကြိုးစားဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)

No comments