ပဲခူးမြို့၌ သံချည်သံကွေးအဆင့်(၁)နှင့် ကျောက်ပုံးရိုက်အဆင့်(၁) သင်တန်းဖွင့်လှစ်

 



ပဲခူး ဒီဇင်ဘာ ၁

ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့က ကြီးမှူးဖွင့်လှစ်သည့် သံချည် သံကွေးအဆင့်(၁)နှင့် ကျောက်ပုံး ရိုက်အဆင့်(၁)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးမြို့ ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းနည်းပြများ၊ သင်တန်း သားများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

လေ့ကျင့်သင်ကြားပေး

အခမ်းအနားတွင် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယခုသင်တန်းသည် သင်တန်းသားများ၏ ကျွမ်းကျင်မှုအဆင့်ကို အမျိုးသား အဆင့်မီအောင် လေ့ကျင့် သင်ကြားပေးပြီး တစ်ဦးချင်းစီကို မြန်မာနိုင်ငံ လုပ်သားများ ကျွမ်းကျင်မှု “စံ သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့က အသိအမှတ်ပြု လက်မှတ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်သည် နှင့်အညီ ကဏ္ဍအလိုက် ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်ရ လုပ်သားများရှိမှသာ အာဆီယံ အဖွဲ့ဝင်နိုင်ငံအားလုံး၏ လုပ်သားများနှင့် ယှဉ်ပြိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိနိုင် မည်ဖြစ်သဖြင့် ကျွမ်းကျင် လုပ်သားများကို မွေးထုတ်ပေးရခြင်းဖြစ်ကြောင်း၊ သင်တန်းသား များအနေဖြင့် မိမိတို့ဒေသအတွင်းရှိသည့် ကျွမ်းကျင်လုပ်သားများထဲမှ အသင့်တော်ဆုံးဟု သတ်မှတ်ပြီး သင်တန်းတက်ရန် စေလွှတ်ခြင်း ခံရသူများဖြစ်၍ သက်မွေးပညာရပ်ဆိုင်ရာများကို ကျွမ်းကျင်အောင် ကြိုးစားလေ့လာသင်ယူပြီး လက်တွေ့လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ကြံ့ခိုင်ကောင်းမွန် ဘေးကင်းလုံခြုံသော အဆောက်အအုံများဖြစ်အောင် ဆောင်ရွက် သွားကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ဗဟိုသင်တန်းကျောင်း ကျောင်းအုပ်ကြီးက သံချည်သံကွေး အဆင့်(၁)နှင့် ကျောက်ပုံးရိုက် အဆင့်(၁) သင်တန်း ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြော ကြားပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်း ခန်းမများနှင့် သင်ထောက်ကူ ပစ္စည်းများကို လှည့်လည်ကြည့်ရှုသည်။

အဆိုပါသင်တန်းသို့ ပဲခူးခရိုင် အတွင်းရှိ ပဲခူးမြို့၊ ကဝမြို့၊ သနပ်ပင်မြို့နှင့် ဝေါမြို့နယ်တို့မှ သင်တန်းသား စုစုပေါင်း ၆၀ တက်ရောက်ပြီး သင်တန်းကာလ ရက်သတ္တ လေးပတ်ကြာ ဖွင့်လှစ်၍ ဗဟိုသင်တန်းကျောင်းမှ နည်းပြ ဆရာ ဆရာမများက စာတွေ့၊ လက်တွေ့ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)

No comments

Powered by Blogger.