မွန်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လွှတ်တော်ရုံး အဆောက်အအုံအား ကြည့်ရှုစစ်ဆေး

 



မော်လမြိုင် ဒီဇင်ဘာ ၄

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းသည် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ ဘိုကုန်းရပ်ကွက်ရှိ   မွန်ပြည်နယ်လွှတ်တော်ရုံးသို့   ရောက်ရှိပြီး လွှတ်တော်ရုံးအဆောက်အအုံ ပရိဝုဏ်အတွင်း၊ အပြင်သန့်ရှင်းသပ်ရပ် စနစ်တကျရှိစေရေး ဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ကြည့်ရှုစစ်ဆေးစဉ် ပြည်နယ်ဝန်ကြီးချုပ်က ရုံးသုံးပရိဘောဂပစ္စည်းများ စနစ်တကျ ထိန်းသိမ်းထားရှိအသုံးပြုရေး၊ ရုံးစာရွက်စာတမ်းများ လုံခြုံစိတ်ချစွာ စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် မကြာမီ ကာလအတွင်း လွှတ်တော်အစည်းအဝေးများ စတင်ကျင်းပတော့မည်ဖြစ်သဖြင့် လိုအပ်သည်များကို ကြိုတင်ဆောင်ရွက်ထားကြရန် မှာကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် မွန်ပြည်နယ်လွှတ်တော်ရုံး အစည်းအဝေးခန်းမ၊ ဆွေးနွေးပွဲခန်းမ၊ ဧည့်ခန်းမဆောင်နှင့် နားနေခန်းဆောင်များကို လှည့်လည်ကြည့်ရှုပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ကြည့်ရှုအားပေး

ထို့ပြင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ စီမံဆောင်ရွက်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့၊ စားသုံးသူရေးရာ ဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်း၊  ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်းပြီး စားသောက်ကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်၊  ပြည်နယ်ဝန်ကြီးများနှင့်   တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်တက္ကသိုလ်တွင် ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူ၊ ထုတ်လုပ်၊ ဖြန့်ဖြူးသူများနှင့် ဆန်စက်၊ ဆီစက်လုပ်ငန်းရှင်များ၊   ကုန်သည်များမှ ဆန်၊ စားသုံးဆီ၊ အသား၊ ငါး၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များအား သက်သာသော ဈေးနှုန်များဖြင့် ရောင်းချပေးနေမှုကို ကြည့်ရှုအားပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)

No comments

Powered by Blogger.