၂၀၂၆ ခုနှစ် ရေကြောင်းနှင့် လေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်းစခန်းပေါင်းစုံ သင်တန်းဆင်းပွဲ ပြုလုပ်



နေပြည်တော် မေ ၂၂

 

ကျောင်းသား ကျောင်းသူ မျိုးဆက်သစ် လူငယ်မောင်မယ်များအား နွေရာသီကျောင်းပိတ်ရက် ကာလအတွင်း အားလပ်ရက်များကို အကျိုးရှိစွာ အသုံးချနိုင်စေရန်၊ အသိပညာများဖွံ့ဖြိုးတိုးတက် စေရန်၊ မိမိဝါသနာပါသည့် ပညာရပ်များကို လေ့လာဆည်းပူးနိုင်စေရန်နှင့် နိုင်ငံတော်အတွက် ရေကြောင်းပညာကျွမ်းကျင်သော အနာဂတ်မျိုးဆက်သစ်လူငယ်များ ပေါ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ဧပြီ ၂၇ ရက်တွင် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ သင်တန်းစခန်းများ၌ တစ်ပြိုင်တည်း စတင်ဖွင့်လှစ်ခဲ့သည့် တပ်မတော် (ရေ) က ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့် သင်တန်း အမှတ်စဉ် (၁/၂၀၂၆) သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်သည်။

 

အဆိုပါ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂၀၂၆) စခန်းပေါင်းစုံ သင်တန်းဆင်းပွဲကို နေပြည်တော်တိုင်းစစ်ဌာနချုပ် ပုဗ္ဗသီရိ အားကစားခန်းမ၌ ပြုလုပ်ရာ လူငယ်ရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မောင်သင်း၊ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်မှ အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (ရေ) က သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ ထို့နောက် ဆုချီးမြှင့်ပွဲကို ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) နှင့် တာဝန်ရှိသူများက သင်တန်းတွင် ပြိုင်ပွဲ အမျိုးအစားအလိုက် ဆုရရှိသော သင်တန်းသား သင်တန်းသူများနှင့် အကောင်းဆုံး သင်တန်းစခန်းဆု ရရှိသည့် သင်တန်းစခန်းတို့အား ဂုဏ်ပြုဆုများနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များ ပေးအပ်ချီးမြှင့်ကြသည်။

 

မွန်းလွဲပိုင်းတွင် စခန်းပေါင်းစုံမှ သင်တန်းသား သင်တန်းသူများသည် သင်တန်းနည်းပြများ၊ သင်တန်း အုပ်ချုပ်သူများနှင့် တာဝန်ရှိသူများလိုက်ပါ၍ နေပြည်တော်ရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။

 

အဆိုပါ ရေကြောင်းလူငယ်အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ်(၁/၂၀၂၆)ကို သင်တန်း စခန်း ၁၃ ခုတွင် သင်တန်းသားသင်တန်းသူ ၈၀၀ ဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း တပ်မတော်(ရေ) သမိုင်းဘာသာရပ်၊ လွတ်လပ်ရေးကြိုးပမ်းမှုနှင့် တပ်မတော်သမိုင်းဘာသာရပ်၊ အခြေခံစစ်ရေးပြနှင့် အခြေခံ ရေတပ်သားဘာသာရပ်၊ ရေကြောင်းလမ်းညွှန်အခြေခံ သဘောတရားများ၊ အသုံးချ ရေကြောင်းလမ်းညွှန်နှင့် နက္ခတ္တ ဗေဒဆိုင်ရာများ၊ ဂျီပီအက်စ်အပါအဝင် ရေကြောင်းသွားလာရေး ဆိုင်ရာများ၊ အခြေခံရေတပ်သား အချက်ပြဆက်သွယ်ရေး၊ အခြေခံရေကူးနှင့် လှေလှော်ရွက် တိုက်နည်းတို့ကို သင်ကြားပို့ချပေးသည်။

 

ထို့ပြင် သင်တန်းကာလအတွင်း ဖရီဂိတ်စစ်ရေယာဉ် (အောင်ဇေယျ)နှင့် ဖရီဂိတ်စစ်ရေယာဉ် (ကျန်စစ်သား) တို့ဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် လက်တွေ့စီးနင်းလိုက်ပါခြင်း၊ ရေယာဉ်ဆိုင်ရာ အချက်အလက်များ၊ ဆက်သွယ်ရေးနှင့်အီလက်ထရောနစ်ဆိုင်ရာ စနစ်များ၊ ရေယာဉ် ခုတ်မောင်းရာတွင် လုပ်ဆောင်ရမည့် လုပ်ငန်းတာဝန်များကို လက်တွေ့လေ့လာခြင်း၊ ရေကြောင်း လူငယ်စခန်းပေါင်းစုံ တွေ့ဆုံပွဲနှင့် စခန်းပေါင်းစုံ ပြိုင်ပွဲများပြုလုပ်ခြင်း၊ ရန်ကုန်မြို့တွင်း ရွှေတိဂုံစေတီတော်ဖူးမြော်ခြင်း၊ နျူကလီးယားနည်းပညာ သတင်းအချက်အလက်စင်တာနှင့် အာကာသ ပြတိုက်လေ့လာခြင်းတို့ကို ဆောင်ရွက်ကြသည်။

 

အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) က ကြီးမှူးပြီး ဧပြီ ၂၇ ရက်မှ စတင်ဖွင့်လှစ်သည့် အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) နှင့် တန်းမြင့်လေကြောင်းလူငယ် သင်တန်းအမှတ်စဉ် (၉) သင်တန်းစခန်းအားလုံး၏ စုပေါင်းသင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လေတပ်စခန်း၌ပြုလုပ်ရာ ကာကွယ်ရေးဦးစီးချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ထွန်းဝင်း၊ တပ်မတော်အရာရှိကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ နေပြည်တော် ကောင်စီနယ်မြေမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ အုပ်ချုပ်သူ/နည်းပြများ၊ ဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

 

ဦးစွာ ကာကွယ်ရေးဦးစီးချုပ် (လေ) က သင်တန်းဆင်းမိန့်ခွန်း ပြောကြားသည်။ ထို့နောက် ကာကွယ်ရေးဦးစီးချုပ် (လေ) နှင့် တာဝန်ရှိသူများက ထူးချွန်ဆုရရှိသော သင်တန်းစခန်းများနှင့် သင်တန်းသားများအား ဆုများပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ခင်းကျင်းပြသထားသောပြခန်း၊ ပြကွက်များအား လှည့်လည်ကြည့်ရှုပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။

 

အခြေခံလေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၁၀) ကို သင်တန်းစခန်း ၁၈ ခုတွင် သင်တန်းသား ၉၂၈ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်မဲ့) ဘာသာရပ်၊ လေကြောင်းပညာ သမိုင်းဘာသာရပ်၊ လေကြောင်းလူငယ်သမိုင်းဘာသာရပ်၊ လေယာဉ်ပျံသန်းမှု အခြေခံသဘောတရားဘာသာရပ်နှင့် RC Simulator မောင်းနှင်ခြင်းဘာသာရပ်များ သင်ကြားပို့ချခဲ့ ကြောင်း၊ တန်းမြင့်လေကြောင်း လူငယ်သင်တန်း အမှတ်စဉ် (၉) ကို သင်တန်းစခန်းနှစ်ခုတွင် သင်တန်းသား ၁၁၆ ဦးဖြင့် ဖွင့်လှစ်ခဲ့ပြီး သင်တန်းကာလအတွင်း အခြေခံစစ်ရေးပြ (လက်နက်ပါ) ဘာသာရပ်၊ လေကြောင်းဆိုင်ရာ အထွေထွဗဟုသုတဘာသာရပ်၊ Airfield Procedure ဘာသာရပ်နှင့် Flight Simulator မောင်းနှင်ခြင်း ဘာသာရပ်များကို ပို့ချပေးခဲ့ကြောင်း သိရသည်။

 

ထို့ပြင် သင်တန်းသားများအား လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း၊ ဇာတိသွေးဇာတိမာန် ဘာသာရပ်၊ စစ်သားဂုဏ်ရည် ဘာသာရပ်၊ တပ်မတော်သမိုင်းနှင့် တပ်မတော်အစဉ်အလာ ဘာသာရပ်တို့ကို သင်ကြားပေးခဲ့ကြောင်းနှင့် လေယာဉ်/ ရဟတ်ယာဉ်များ၏ ပျံသန်းမှု အခြေခံသဘောတရားများကို သိရှိနားလည်စေရန်အတွက် RC လေယာဉ်/ရဟတ်ယာဉ် လက်တွေ့မောင်းနှင်ခြင်းများကို သက်ဆိုင်ရာသင်တန်းစခန်းများအလိုက် လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရသည်။

 

၎င်းနောက် နေပြည်တော် ကောင်စီနယ်မြေတွင် စုဖွဲ့ပြီး အခြေခံစစ်ရေးပြပြိုင်ပွဲ၊ RC Simulator/ Flight Simulator မောင်းနှင်ခြင်းပြိုင်ပွဲ၊ RC လေယာဉ်/ ရဟတ်ယာဉ် မောင်းနှင်ခြင်း ပြိုင်ပွဲများ ကျင်းပခြင်းနှင့် ထူးချွန်ဆုရ သင်တန်းသားများအား နည်းပြလေသူရဲများနှင့်အတူ တပ်မတော် (လေ)ရှိ အမောင်းသင် လေယာဉ်/ ရဟတ်ယာဉ်များဖြင့် ကိုယ်တိုင်လိုက်ပါပျံသန်းခြင်းများ ဆောင်ရွက်ခဲ့ကြသည်။

 

ထို့ပြင် သင်တန်းသားများအား ဒေသန္တရဗဟုသုတများ ရရှိစေရန်အတွက် နေပြည်တော်ကောင်စီ နယ်မြေရှိ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၊ သူရဲကောင်း ဗိမာန်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် တပ်မတော်စစ်သမိုင်း ပြတိုက်တို့သို့ လည်းကောင်း၊ ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော် မြတ်ကြီး၊ အာကာသပြတိုက်နှင့် နျူကလီးယား နည်းပညာသတင်း အချက်အလက် စင်တာတို့သို့လည်းကောင်း လေ့လာရေး ပို့ဆောင်ခြင်းနှင့် စစ်ရေယာဉ် လိုက်ပါစီးနင်းခြင်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်

No comments

Powered by Blogger.