အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်မည်
ဝါရှင်တန် မေ ၂၂
အမေရိကန်သမ္မတ
ဒေါ်နယ်ထရမ့်က ပိုလန်နိုင်ငံသို့ တပ်ဖွဲ့ဝင် ၅၀၀၀ ထပ်မံစေလွှတ်မည်ဖြစ်ကြောင်း
ယမန်နေ့က ပြောကြားခဲ့သည်။
ယင်းသို့
အမေရိကန်တပ်ဖွဲ့ဝင်များ ထပ်မံစေလွှတ်ခြင်းမှာ ပိုလန်သမ္မတသစ်
ကာရိုလ်နော်ရော့ခ်ကီနှင့် အမေရိကန်တို့၏ ဆက်ဆံရေးအပေါ် အခြေခံထားကြောင်း သမ္မတထရမ့်က
လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။ သို့သော် သမ္မတထရမ့်က တပ်ဖွဲ့ဝင်များတပ်ဖြန့်မည့်
အချိန်ကဲ့သို့သော အသေးစိတ်အချက်အလက်များကို ထုတ်ဖော်ပြောကြားခြင်း မရှိသေးပေ။
ယမန်နှစ် ပိုလန်သမ္မတ ရွေးကောက်ပွဲ မဲဆွယ်မှုအတွင်း ကာရိုလ် နော်ရော့ခ်ကီက ထရမ့်၏
“အမေရိကန်သည်သာ ပထမ” ဟူသည့် မူဝါဒကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။
ကာရိုလ်
နော်ရော့ခ်ကီ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် သမ္မတထရမ့်က အမေရိကန် တပ်ဖွဲ့ဝင်များအား
ပိုလန်နိုင်ငံသို့ စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ဂျာမနီနိုင်ငံမှ အမေရိကန် တပ်ဖွဲ့ဝင်
၅၀၀၀ ခန့် လျှော့ချရန်စီစဉ်နေကြောင်း ယခုလအစောပိုင်းတွင် သမ္မတထရမ့်က
ပြောကြားခဲ့သည်။ ဂျာမနီ အဓိပတိ ဖရက်ဒရစ်ချ်မာ့ဇ် က အီရန် နှင့် ပဋိပက္ခတွင် ဝါရှင်တန်၏
ချဉ်းကပ် ကိုင်တွယ်ပုံနှင့်ပတ်သက်ပြီး မေးခွန်းထုတ်ပြီးနောက် ထရမ့်က အထက်ပါအတိုင်း
စီစဉ်ခဲ့ခြင်းဖြစ်သည်။
ထရမ့်က
အီရန်ပဋိပက္ခနှင့်ပတ်သက်၍ နေတိုးအဖွဲ့ဝင်နိုင်ငံများအပေါ် ဝေဖန်မှုများ
အရှိန်မြှင့်လျက် ရှိသည်။ အီတလီနှင့် စပိန်တို့တွင် တပ်စွဲထားသော
အမေရိကန်တပ်ဖွဲ့ဝင် အရေအတွက်ကို လျှော့ချနိုင် ဖွယ်ရှိကြောင်းလည်း ၎င်းက
ပြောကြားခဲ့သည်။
အီရန်စစ်ပွဲကို
ထောက်ခံမှုမရှိသည့်အတွက် နေတိုးအဖွဲ့ဝင်နိုင်ငံများအား အပြစ်ပေးရန်အတွက် ဥရောပတွင်
အမေရိကန်တပ်များ တပ်စွဲထားရှိမှုကို လျှော့ချရန်ရည်ရွယ်ခြင်းဖြစ်ကြောင်းနှင့်
ထရမ့်အစိုးရက ဥရောပ၏ ကာကွယ်ရေးကဏ္ဍတွင် မည်ကဲ့သို့ပါဝင်လာမည်လဲဆိုသည်ကို
ဆက်လက်စောင့်ကြည့်ရမည်ဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ပြောကြားခဲ့သည်။
ကိုးကား -
အင်န်အိတ်ချ်ကေ၊ ဘာသာပြန် - အောင်ကျော်ကျော်
No comments