နိုင်ငံတော်၏ အသက်သွေးကြော၊ ရွှေရောင်လွင်ပြင်၏ ပဲ့ကိုင်ရှင်များ



နေသူရဇော်(စိုက်ပျိုးရေး)

 

နံနက်ခင်း၏ အေးမြသောနှင်းစက်များ မြက်ဖျား၌ ခိုတွယ်နေဆဲ၊ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းမှ ရွှေရောင်နေခြည်နုနုတို့ မြေပြင်ထက်သို့ ဖြန့်ကြက်ကျရောက်လာချိန်တွင် ကျေးလက်တောရွာတို့၏ သက်ဝင်လှုပ်ရှားမှုသည် စတင်နေပြီဖြစ်သည်။

 

ထိုရွှေရောင် အလင်းတန်းများအောက်တွင် စိမ်းလန်းစိုပြည်သော လယ်ကွင်းပြင်ကြီးများသည် လည်းကောင်း၊ ဝင်းမှည့်နွယ်ယိုင်နေသော စပါးနှံရွှေဝါများဖြင့် ဖုံးလွှမ်းနေသော လွင်ပြင်ကျယ်ကြီးများသည်လည်းကောင်း ပန်းချီကားတစ်ချပ်ပမာ လှပတင့်တယ်နေပါသည်။ သို့သော် ထိုလှပသော ရွှေရောင်လွင်ပြင်ကြီးများသည် အလိုအလျောက် ပေါ်ထွန်းလာခြင်းမဟုတ်ပါ။ ထိုလွင်ပြင်ကြီးများ၏ နောက်ကွယ်တွင် ဝါဂွမ်းရောင် ဆံပင်ဖြူဖြူ၊ နေလောင်ထားသော အသားအရေနှင့် ကြမ်းတမ်းနေသော လက်ဖဝါးပိုင်ရှင် “တောင်သူလယ်သမား” ဆိုသည့် ပဲ့ကိုင်ရှင်များ၏ မနားမနေ အားထုတ်မှုများ၊ ဇွဲလုံ့လဝီရိယများ ကိန်းအောင်းနေပါသည်။

 

တောင်သူလယ်သမားများ စိုက်ပျိုးနိုင်ခြင်းမရှိပါက နိုင်ငံ၏စားရေရိက္ခာနင့် စီးပွားရေးယန္တရားကြီး တစ်ခုလုံး ရပ်တန့်သွားနိုင်ပါသည်။ ​တောင်သူလယ်သမားတို့သည် မြေကြီးကိုအခြေခံ၍ ဘဝကို တည်ဆောက်ကြသူများဖြစ်ကြသည်။ သူတို့သည် မြေကြီးကိုနားလည်ကြသကဲ့သို့ မြေကြီး၏ စေတနာကိုလည်း အကြွင်းမဲ့ယုံကြည်ကြသူများဖြစ်သည်။ မိုးဦးကျချိန် မြေနံ့သင်းပျံ့လာသည် နှင့်တစ်ပြိုင်နက် မိမိတို့၏ ထွန်ယက်ရေးကိရိယာများကို ပြင်ဆင်ကာ ရွှံ့နွံများကြားတွင် ပျော်မွေ့စွာဖြင့် တစ်နိုင်ငံလုံးအတွက် အာဟာရကို ဖန်တီးပေးရန် လုပ်ငန်းခွင် စတင်ကြသည်။ ထို့ကြောင့် ရွှေရောင်လွင်ပြင်၏ အလှအပကို မြင်တွေ့ရတိုင်း ထိုအလှတရားကို ဖန်တီးပေးနေသည့် ပဲ့ကိုင်ရှင်များ၏ ကျေးဇူးတရားကို ကျွန်ုပ်တို့မေ့လျော့၍မရနိုင်ပေ။ သူတို့၏ ချွေးစက် တစ်စက်ချင်း စီသည် မြန်မာ့မြေပေါ်တွင် စပါးနှံတစ်စေ့ချင်းစီ ဖြစ်လာရသလို ထိုစပါးနှံများသည်လည်း နိုင်ငံတော်၏ အဓိက “အသက်သွေးကြော”များပင် ဖြစ်ပါတော့သည်။

 

လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းတွင်လည်း ပြတ်သားသော ဇွဲ၊ သတ္တိတို့ဖြင့် အရေးပါသောကဏ္ဍမှ ပါဝင်

မြန်မာ့သမိုင်းစဉ်တစ်လျှောက်ကို ပြန်လည်ကြည့်ရှုလျှင် တောင်သူလယ်သမားတို့သည် လုပ်ငန်းခွင်တွင်သာမက နိုင်ငံရေးနှင့် လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင်လည်း ပြတ်သားသော ဇွဲ၊ သတ္တိတို့ဖြင့် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့ကြသည်ကို တွေ့ရမည်ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်တို့၏ ဖိနှိပ်ချုပ်ချယ်မှု၊ မတရားသော မြေခွန်တော်များ ကောက်ခံမှုနှင့် မြေရှင်ကြီးစိုးမှုစနစ်အောက်တွင် တောင်သူလယ်သမားတို့သည် အလွန်အမင်းဒုက္ခ ရောက်ခဲ့ကြရသော်လည်း ဒူးထောက်မပေးခဲ့ကြ။ ထိုမတရားမှုများမှ ရုန်းထွက်ရန်အတွက် ၁၉၃၀ ပြည့်နှစ် ဒီဇင်ဘာလတွင် ဆရာစံဦးဆောင်သော တောင်သူလယ်သမားတော်လှန်ရေးကြီး ပေါ်ပေါက်ခဲ့သည်။ ထိုတော်လှန်ရေးသည် မြန်မာ့လွတ်လပ်ရေး သမိုင်းတွင် တောင်သူတို့၏ မျိုးချစ်စိတ်နှင့် ဇွဲလုံ့လဝီရိယကို ကမ္ဘာသိအောင် ပြသနိုင်ခဲ့သည့် သမိုင်းမှတ်တိုင်ကြီးတစ်ခုပင် ဖြစ်သည်။


 

​လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင်လည်း နိုင်ငံတော်၏ အဓိကဒေါက်တိုင်ဖြစ်သော တောင်သူ လယ်သမားတို့၏ ကဏ္ဍကို အလေးထားသောအားဖြင့် ၁၉၆၂ ခုနှစ်မှ စတင်ကာ မတ်လ ၂ ရက်နေ့ ကို “တောင်သူလယ်သမားနေ့”အဖြစ် သတ်မှတ်ခဲ့သည်။ ထိုနေ့သည် တောင်သူတို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြု ဂုဏ်ပြုရန်အတွက်သာမက သူတို့၏ ဘဝဖွံ့ဖြိုးတိုးတက်ရေး၊ မြေယာပိုင်ဆိုင်မှု အခွင့်အရေးနှင့် စိုက်ပျိုးရေးကဏ္ဍ မြှင့်တင်ရေးတို့ကို ပြန်လည်သုံးသပ်၍ ပိုမိုကောင်းမွန်တိုးတက်လာ စေရန် ဝိုင်းဝန်းစုပေါင်းအဖြေရှာကြသည့် နေ့ထူးနေ့မြတ်လည်းဖြစ်သည်။ မတ်လဦး၏ နေခြည် နွေးနွေးအောက်တွင် ကျရောက်သော ဤနေ့ထူး နေ့မြတ်သည် မြန်မာနိုင်ငံသားအားလုံးအတွက် ကျေးဇူးရှင် တောင်သူလယ်သမားတို့အား ဦးညွှတ်ဂုဏ်ပြုရာ နေ့တစ်နေ့လည်း ဖြစ်ပေသည်။

 

​ယနေ့ခေတ်ကာလတွင် မတ်လ ၂ ရက်နေ့သို့ ရောက်ရှိတိုင်း ကျွန်ုပ်တို့သည် တောင်သူလယ်သမား ကြီးများ၏ ကျေးဇူးတရားကို အောက်မေ့သတိရရုံသာမက သူတို့၏ ဘဝအဆင့်အတန်း မြင့်မားလာစေရန် မည်သို့ကူညီပံ့ပိုး ပေးနိုင်မည်နည်းဟူသော အချက်ကိုလည်း အလေးအနက် စဉ်းစားကြရမည် ဖြစ်သည်။ သမိုင်းမော်ကွန်းတစ်လျှောက် ချွေးနှင့် သွေးကို ရင်းနှီးကာ နိုင်ငံတော်၏ စီးပွားရေးကို ထောက်မကူညီခဲ့သော တောင်သူလယ်သမားတို့သည် ဂုဏ်ပြုထိုက်သော၊ တန်ဖိုးထားထိုက်သော ပုဂ္ဂိုလ်များအဖြစ် မြန်မာ့မြေပြင်ထက်တွင် ထာဝရမော်ကွန်းထိုးလျက် ရှိနေမည်သာဖြစ်သည်။ နိုင်ငံတော်ကလည်း တောင်သူလယ်သမားများ၏ လူမှုဘဝ မြင့်မား တိုးတက်ရေးကို စဉ်ဆက်မပြတ်ဆောင်ရွက် ပေးနေသည်မှာလည်း ထင်ရှားသော ပြယုဂ်ဖြစ်သည်။

 

တောင်သူလယ်သမားတို့၏ ထုတ်ကုန်များသည် အဓိကအသက်သွေးကြောအဖြစ် စီးဆင်း

လူသားတစ်ဦး၏ ခန္ဓာကိုယ်ယန္တရား ပုံမှန်လည်ပတ်နိုင်ရန်အတွက် သွေးကြောများအတွင်း သွေးသား အာဟာရတို့ စီးဆင်းနေရသကဲ့သို့ပင် နိုင်ငံတော်ဟူသော ခန္ဓာကိုယ်ကြီး ကျန်းမာကြံ့ခိုင်စွာ ရပ်တည်နိုင်ရန် အတွက်လည်း တောင်သူလယ်သမားတို့၏ ထုတ်ကုန်များသည် အဓိက အသက်သွေးကြော အဖြစ် စီးဆင်းလျက်ရှိသည်။

 

မြို့ပြ၏ မြင့်မားသော အဆောက်အအုံများပေါ်တွင်ဖြစ်စေ၊ စက်မှုဇုန်များ၏ စက်သံတညံညံကြားတွင် ဖြစ်စေ ကျွန်ုပ်တို့အားလုံး နေ့စဉ်စားသုံးနေကြသော ဆန်တစ်စေ့၊ ဆီတစ်ပေါက်နှင့် ဟင်းသီး ဟင်းရွက်တိုင်းသည် တောင်သူတို့၏ ဖုန်စွဲနေသော ခြေဖဝါးများနှင့် ရုန်းကန်မှုများမှ မြစ်ဖျားခံခဲ့ခြင်း ဖြစ်သည်။ “စပါးရှိမှ အစားရှိမည်၊ အစားရှိမှ အားရှိမည်”ဆိုသကဲ့သို့ ပြည်သူတို့၏ ဝမ်းစာဖူလုံမှုသည် တောင်သူတို့၏ လက်ဖဝါးထက်တွင် တည်ရှိနေသည်။ ဆန်စပါးတင်ပို့မှုတွင် တစ်ချိန်က ကမ္ဘာ့ အဆင့် (၁) ရရှိခဲ့သော မြန်မာ့ဂုဏ်ရည်သည် တောင်သူလယ်သမားတို့၏ မဆုတ်မနစ်သော ဇွဲလုံ့လနှင့် လုပ်နိုင်စွမ်းကို သက်သေထူနေခြင်းပင်ဖြစ်သည်။ ယခုကာလတွင် နိုင်ငံတော်မှ မျိုး၊ မြေ၊ ရေ၊ နည်းဖြင့် သီးနှံများ ပန်းတိုင်အထွက်ရရှိပြီး တောင်သူများ စီးပွားရေးတိုးတက်စေရေး ဆောင်ရွက်ပေးလျက် ရှိပါသည်။

 

စီးပွားရေးရှုထောင့်မှ ကြည့်လျှင်လည်း တောင်သူလယ်သမားတို့သည် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင် ကို ထောက်မထားသည့် အားအင်အကောင်းဆုံးသော လုပ်သားထုကြီးဖြစ်သည်။

 

နိုင်ငံ၏ စုစုပေါင်း ပြည်တွင်းထုတ်ကုန် (GDP)တွင် စိုက်ပျိုးရေးကဏ္ဍသည် ၂၀-၂၅ ရာခိုင်နှုန်းအထိ ပါဝင်နေရုံသာမက နိုင်ငံခြားသို့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ရော်ဘာ စသည့်ထွက်ကုန်များကို တင်ပို့ ခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သော နိုင်ငံခြားငွေများကို ရှာဖွေပေးနေကြသည်။ တောင်သူတစ်ဦး၏ လယ်ယာမြေထက်မှထွက်ရှိသော သီးနှံများသည် ပြည်တွင်းစားသုံးမှုအတွက် သာမကဘဲ ပြည်ပဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်ကာ မြန်မာ့မြေ၏ ဂုဏ်သတင်းကို လွှင့်ထူပေးနေကြသည်။

 

ထို့အပြင် လူမှုရေးရှုထောင့်အရ ကျေးလက်နေလူဦးရေမှာ ၇၀ ရာခိုင်နှုန်းခန့် ရှိနေခြင်းကြောင့် တောင်သူ လယ်သမားတို့၏ လူမှုစီးပွားဘဝတိုးတက်လာခြင်းသည် တစ်နိုင်ငံလုံး၏ ဆင်းရဲနွမ်းပါးမှု လျော့ကျခြင်းနှင့် တိုက်ရိုက်ဆက်စပ်နေသည်။ တောင်သူလယ်သမားကြီးများ၏ အိတ်ကပ်ထဲတွင် ငွေဝင်မှသာ ကျေးလက်စီးပွားရေး လည်ပတ်နိုင်မည်ဖြစ်ပြီး ထိုမှတစ်ဆင့် မြို့ပြကုန်သွယ်မှုများလည်း ဟန်ချက်ညီညီ ဖွံ့ဖြိုးလာနိုင်မည်ဖြစ်သည်။ ၎င်းတို့ သည် မိမိတို့ကိုယ်ကျိုးအတွက်သာမက လောက သားတို့ အာဟာရပြည့်ဝစေရန်နှင့် နိုင်ငံတော်၏ စီးပွားရေးဘီးကြီး ရှေ့သို့လှိမ့်နိုင်ရန်အတွက် မိမိ တို့၏ အချိန်၊ လူအင်အားနှင့် ကျန်းမာရေးတို့ကို မြေကြီးထဲတွင် ရင်းနှီးမြှုပ်နှံထားကြသူများဖြစ်သည်။

 

​တောင်သူလယ်သမားဟူသည် ကုန်ထုတ်လုပ်သူ သက်သက်မဟုတ်ဘဲ နိုင်ငံတော်၏ အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ဆောင်ရွက်ပေးနေသော အင်အားစုကြီးလည်းဖြစ်သည်။ သူတို့၏ အခန်းကဏ္ဍသည် ခေတ်စနစ်များ မည်သို့ပင်ပြောင်းလဲစေကာမူ၊ နည်းပညာများ မည်သို့ပင် မြင့်မားလာစေကာမူ နိုင်ငံတော်၏ “အသက် သွေးကြော” အဖြစ် ထာဝစဉ် အရေးပါနေဦးမည်သာ ဖြစ်ပါသည်။

 

သို့သော် ထိုမျှလောက်သော အခက်အခဲများ၊ စိန်ခေါ်မှုများကြားမှပင် တောင်သူလယ်သမားကြီး များက လက်မလျှော့ခဲ့ကြ။ မိမိတို့၏ဘဝကို မြေကြီးထဲတွင် နှစ်မြှုပ်ထားသော်လည်း လောကသားတို့ စားရေရိက္ခာ ဖူလုံစေရန်ဟူသော စေတနာအရင်းခံဖြင့် ဆက်လက်စိုက်ပျိုးနေကြဆဲဖြစ်သည်။ သူတို့သည် ဆုလာဘ်ကို မျှော်ကိုး၍မဟုတ်ဘဲ လုပ်ဆောင်အပ်သော တာဝန်တစ်ခုအဖြစ် မှတ်ယူကာ ဆောင်ရွက်နေကြခြင်းဖြစ်သည်။ ထိုစိန်ခေါ်မှုများကို ကျွန်ုပ်တို့အားလုံးက ဝိုင်းဝန်းကူညီ ဖြေရှင်းပေးမှသာလျှင် “ရွှေရောင်လွင်ပြင်” ဟူသော ဂုဏ်ပုဒ်သည် ထာဝရဝင်းပနေမည် ဖြစ်ပါသည်။ ထို့ကြောင့် တောင်သူလယ်သမားနေ့တွင် ကျွန်ုပ်တို့ ဂုဏ်ပြုရမည်မှာ သူတို့၏ထွက်ကုန်များသာမက အခက်အခဲ ပေါင်းစုံကြားမှ အရှုံးမပေးဘဲ မြေကြီးကို ဆက်လက်ဖက်တွယ်နေသည့် သူတို့၏ “ဇွဲ”နှင့် “သတ္တိ”ကိုလည်း ဖြစ်သည်။ အကြွေးသံသရာမှ လွတ်ကင်းပြီး ကိုယ်ပိုင်လယ်ယာမြေထက်တွင် ဂုဏ်သိက္ခာရှိရှိ စိုက်ပျိုးထုတ်လုပ်နိုင်ရေးကို ဆောင်ကြဉ်းပေးခြင်းသည်သာလျှင် တောင်သူတို့အတွက် အစစ်မှန်ဆုံးသော ဂုဏ်ပြုခြင်းဖြစ်ပေလိမ့်မည်။

 

ခေတ်စနစ်များ မည်သို့ပင် ပြောင်းလဲစေကာမူ၊ နည်းပညာဒီရေများ မည်သို့ပင် မြင့်တက်လာစေကာမူ တောင်သူလယ်သမားတို့၏ အခန်းကဏ္ဍသည် ကမ္ဘာတည်သရွေ့ မှေးမှိန်သွားမည်မဟုတ်ပေ။

 

အနာဂတ်တွင် ကျွန်ုပ်တို့ မျှော်လင့်တောင့်တအပ်သည်မှာ ပင်ပန်းဆင်းရဲလှသော ရိုးရာစိုက်ပျိုးရေး ဘဝမှသည် ခေတ်မီ၍ သက်သာချောင်ချိသော စက်မှုလယ်ယာစနစ်သို့ အောင်မြင်စွာ ကူးပြောင်း နိုင်ရေးပင်ဖြစ်သည်။ တောင်သူတို့၏ လက်ထဲတွင် ထွန်တုံးအစား ခေတ်မီစက်ကိရိယာများ၊ အကြွေးစာရင်းအစား အကျိုးအမြတ်မှတ်တမ်းများ၊ မျက်ရည်များအစား ပြုံးရွှင်သော မျက်နှာများဖြင့် ပြည့်နှက်နေ သည့် အနာဂတ်ရွှေရောင်လွင်ပြင်ကြီးကို ကျွန်ုပ်တို့ မြင်တွေ့လိုလှပါသည်။

 

ထိုသို့သော အနာဂတ်ကို တည်ဆောက်နိုင်ရန်မှာ တောင်သူလယ်သမားများ၏ ကြိုးပမ်းမှုသက်သက် ဖြင့် မလုံလောက်ပါ။ နိုင်ငံတော်အစိုးရ၊ ဌာနဆိုင်ရာ နှင့် ပြည်သူတစ်ရပ်လုံးက တောင်သူတို့၏ဘဝကို ဝိုင်းဝန်းပံ့ပိုးကူညီကြရမည်ဖြစ်သည်။ သင့်တင့်မျှတသော သီးနှံဈေးကွက်များ ဖော်ဆောင်ပေးခြင်း၊ စိုက်ပျိုးရေးနည်းပညာသစ်များ ဖြန့်ဝေပေးခြင်းနှင့် ရာသီဥတုဒဏ်ကို ခံနိုင်ရည်ရှိသော မျိုးစေ့များ ပံ့ပိုးပေးခြင်းတို့သည် တောင်သူတို့၏ “အသက် သွေးကြော”ကို ပိုမိုခိုင်မာစေမည့် လုပ်ရပ်များ ဖြစ်သည်။ တောင်သူလယ်သမားတို့ဘဝ မြင့်မားလာခြင်းသည် နိုင်ငံတော်၏ ဂုဏ်ဒြပ် မြင့်မားလာခြင်းပင်ဖြစ်ကြောင်း ကျွန်ုပ်တို့ အမြဲနှလုံးသွင်းအပ်ပေသည်။

 

နိဂုံးချုပ်အားဖြင့်ဆိုရသော် တောင်သူလယ်သမားတို့သည် မြေကြီးထဲတွင် ရွှေကိုရှာဖွေသူများမဟုတ် ဘဲ မြေကြီးမှ ရွှေသီးအောင် ဖန်တီးပေးနေသည့် “ပဲ့ကိုင်ရှင်”များဖြစ်ကြသည်။ သူတို့သည် မြန်မာ့မြေ၏ ဂုဏ်ဆောင်များဖြစ်သလို ကျွန်ုပ်တို့ ခန္ဓာကိုယ်ထဲတွင် စီးဆင်းနေသော အာဟာရဓာတ်တို့၏ အရင်းအမြစ် ကျေးဇူးရှင်များလည်း ဖြစ်ကြသည်။ မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူ လယ်သမားနေ့သည် ပြက္ခဒိန်ပေါ်မှ နေ့တစ်နေ့ သက်သက်မဟုတ်ဘဲ နိုင်ငံတစ်ဝန်းရှိ ကျေးဇူးရှင် တောင်သူတို့၏ ဂုဏ်ကျေးဇူးကို အောက်မေ့သတိ ရကာ သူတို့၏ဘဝများ လုံခြုံစိတ်ချရစေရန် ကတိ ပြုရမည့်နေ့ဖြစ်သည်။

 

စပါးနှံတို့ ဝင်းမှည့်နေသော ရွှေရောင်လွင်ပြင်ကြီးများသည် နိုင်ငံတော်၏ အနာဂတ်ကို လင်းလက် စေသကဲ့သို့ ထိုလွင်ပြင်ကြီးများကို ပဲ့ကိုင်မောင်းနှင်နေသော တောင်သူလယ်သမားတို့၏ ဘဝများသည် လည်း အေးချမ်းသာယာမှုများဖြင့် ပြည့်နှက်နေပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် “နိုင်ငံတော်၏ အသက်သွေးကြော၊ ရွှေရောင်လွင်ပြင်၏ ပဲ့ကိုင်ရှင်များ”အား အလေးအနက် ဦးညွှတ်ဂုဏ်ပြုလိုက်ရပေသည်။

 

No comments

Powered by Blogger.