ပွင့်ဖြူမြို့နယ်၌ ဖူးစားပြောင်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်း၍ တောင်သူများ ဈေးကောင်းရရှိရန်မျှော်လင့်
ပွင့်ဖြူ
၂၇ ဇွန်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ
အညာကျေးလက်နေ ပြည်သူများသည်
မဲဇလီရေလွှဲဆည်ရေနှင့်
မြေအောက်ရေတို့ကို အကျိုးရှိစွာအသုံးချပြီး
စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ စီးပွားဖြစ်စိုက်ပျိုး
လုပ်ကိုင်ကြပြီး ယခုနှစ်တွင်လည်း ဖူးစားပြောင်းများကို
စီးပွားဖြစ် အားထားစိုက်ပျိုး လုပ်ကိုင်ကြရာ
အောင်မြင်ဖြစ်ထွန်းလျက်ရှိပြီး
ဈေးကောင်းရရှိရန် မျှော်လင့်လျက်ရှိနေကြကြောင်း
ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာရှိ
ဖူးစားပြောင်း စိုက်ပျိုးတောင်သူများထံမှ
သိရသည်။
မြို့နယ်အတွင်းရှိ အညာကျေးလက်နေ ပြည်သူများသည်
သီးနှံများစိုက်ပျိုးရာတွင်
မိသားစုဝင်ငွေ တိုးပွားရေးအတွက်
ဈေးကွက်ကောင်းသော သီးနှံများနှင့် နေ့စဉ်ဝင်ငွေတိုးပွားသည့်
ဟင်းသီးဟင်းရွက် သီးနှံမျိုးစုံကို
ရွေးချယ်စိုက်ပျိုး လုပ်ကိုင်လာကြကြောင်း
စိုက်ပျိုးရေး အဆင်ပြေမှုကြောင့်
သီးနှံစိုက်ခင်းများမှ
အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း
သိရသည်။
“ကျွန်တော်တို့ ပွင့်ဖြူမြို့နယ်က စိုက်ပျိုးရေ ဖူလုံတဲ့အတွက်
ဒေသခံတောင်သူများဟာ စိုက်ပျိုးရေးလုပ်ငန်းကို (နွေ၊ မိုး၊ ဆောင်း) သုံးရာသီ စိုက်ပျိုးလုပ်ကိုင်ကြပါတယ်။
သီးနှံများစိုက်ပျိုးရာတွင်
ဖူးစားပြောင်းဖြစ်တဲ့
သကြားပြောင်း ဖူးသီးနှံကို တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပါတယ်။ တောင်သူအများစုကတော့ ဖူးစားပြောင်း၊ ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကုလားပဲ၊ အခြား ဟင်းသီးဟင်းရွက် သီးနှံစားပင်များကို
စီးပွားဖြစ် စိုက်ပျိုးကြပါတယ်။
ယခုနှစ် မိုးရာသီမှာလည်း ဖူးစားပြောင်းကို တောင်သူများ အားထားစိုက်ပျိုးကြပြီး
စိုက်ပျိုးတဲ့ ဖူးစားပြောင်းမျိုးကတော့
အရပ်ခေါ် ပန်ရွှေသကြား ပြောင်းမျိုးဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေကတော့
ဖူးစားပြောင်း တစ်ဖူးကို လက်လီဈေး ငွေကျပ် ၂၀၀ နှုန်း ရောင်းချရပြီး ဖောက်သည်ဈေးက တစ်ဖူးကို ငွေကျပ် ၁၅၀ နှုန်း ရောင်းချရပါတယ်။ ဒီနှစ်မှာလည်း ဖူးစားပြောင်းပေါ်ချိန်
တောင်သူတွေအနေနဲ့ ဈေးကောင်း ရရှိရေးအတွက်
မျှော်လင့်နေကြပါတယ်” ဟု ပွင့်ဖြူမြို့နယ် ညောင်ပင်စောက်ကျေးရွာမှ
ဒေသခံ တောင်သူ ဦးရဲမြင့်က ပြောသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ အညာကျေးလက်နေ တောင်သူများသည်
မဲဇလီရေလွှဲဆည်ရေနှင့်
မြေအောက်ရေတို့ဖြင့် စပါး၊ နှမ်း၊ မြေပဲ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲထောပတ်၊ နေကြာနှင့် အခြား ဟင်းသီးဟင်းရွက်စားပင်သီးနှံများကို
(နွေ၊
မိုး၊ ဆောင်း) သုံးရာသီ စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြပြီး
စိုက်ပျိုးသည့်သီးနှံများမှာ
အောင်မြင်ဖြစ်ထွန်းမှု ရှိသဖြင့်
သီးနှံဝင်ငွေ တိုးပွားကာ လုပ်ငန်းအဆင်ပြေလျက်ရှိနေကြကြောင်း
သိရသည်။
ရဲဝင်းနိုင် (ပြန်/ဆက်)
![]() |


No comments