တိုင်ယက်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းနှင့် စက်ရေတွင်းတူးဖော်ပြီးစီးမှု ကွင်းဆင်းစစ်ဆေး
သိန္နီ ဇွန် ၂၇
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးခရိုင်၊
မိုင်းရယ်မြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သည့်
တိုင်ယက်ကျေးရွာအုပ်စု၊ တိုင်ယက်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းနှင့်
စက်ရေတွင်း တူးဖော်ပြီးစီး အခြေအနေများကို
ဇွန် ၂၅ ရက်က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ပြည်နယ်ဦးစီးမှူး ဦးကြည်စောနှင့် လားရှိုးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန
ခရိုင်ဦးစီးမှူး ဦးတင်မော်သန်း၊ သိန္နီမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးဝင်းဆောင်နှင့် ဝန်ထမ်းများက ကျေးရွာဖွံ့ဖြိုးရေး ကော်မတီဝင်များနှင့်အတူ တိုင်ယက်ကျေးရွာ၌
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်
ဆောင်ရွက်သည့် ကျေးရွာဘက်စုံသုံးခန်းမ တည်ဆောက်ပြီးစီးမှု အခြေအနေများ၊ စက်ရေတွင်း
တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို
ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။
အဆိုပါတိုင်ယက်ကျေးရွာ၌ ကျေးရွာဘက်စုံသုံးခန်းမ အလျား ၆၀ ပေ၊ အကျယ် ၂၇ ပေ၊
အမြင့် ၁၂ ပေ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)
ထောက်ပံ့ ရန်ပုံငွေကျပ် ၁၀ သန်း၊ ကျေးရွာပြည်သူများ ထည့်ဝင်ငွေကျပ် ၂ ဒသမ ၅
သန်း၊ စုစုပေါင်းငွေကျပ် ၁၂ ဒသမ ၅ သန်းဖြင့်လည်းကောင်း၊ အဆိုပါကျေးရွာ၌ စက်ရေတွင်း
တူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏
၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှင့် ခွင့်ပြုရန်ပုံငွေ ၁၃ ဒသမ ၂၅ သန်းလည်းကောင်း
ဇန်နဝါရီလ ပထမပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်
ပြီးစီးနေပြီဖြစ်ကြောင်း သိန္နီမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး
ဦးဝင်းဆောင်က ပြောသည်။
စိုးမိုးကျော်



No comments