ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများအား ဇူလိုင်၂၆ ရက်မှ သြဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်အတွင်း တင်သွင်းခွင့်ပြုထား
နေပြည်တော် ဇူလိုင် ၂၅
နိုင်ငံတော်အတွင်း ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး
လုပ်ငန်းများအတွက် အရေးတကြီး လိုအပ်လျက်ရှိသည့် အောက်ဆီဂျင် အရည်၊ အောက်ဆီဂျင်ဓာတ်ငွေ့၊
အိမ်သုံးအောက်ဆီဂျင်စက်နှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများပြတ်လပ်မှုမရှိစေရန် အများပြည်သူ
ရုံးပိတ်ရက်များအဖြစ် သတ်မှတ်ကြေညာထားသည့် ဇူလိုင် ၂၆ ရက်မှ သြဂုတ် ၁ ရက်အထိ ရုံးပိတ်ရက်များတွင်လည်း
နယ်စပ်ကုန်သွယ်ရေး စခန်းများအနေဖြင့် အလုပ်တာဝန်များ ရပ်ဆိုင်းထားမည်မဟုတ်ဘဲ ပုံမှန်အတိုင်း
ပို့ကုန်သွင်းကုန်လုပ်ငန်းများ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေးပစ္စည်းများ
တင်သွင်းမှုများကိုလည်း သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးမည်
ဖြစ်ပြီး အဆိုပါရက်များတွင် ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်) ပို့ကုန်သွင်းကုန်လုပ်ငန်းဌာနခွဲနှင့်
ပို့ကုန် သွင်းကုန်ရုံး (ရန်ကုန်)တို့မှ အွန်လိုင်းစနစ်ဖြင့် ပို့ကုန်သွင်းကုန်လိုင်စင်
လျှောက်ထားမှုများကိုလည်း ရုံးချိန် အတွင်းပုံမှန်အတိုင်း ခွင့်ပြုဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ဇူလိုင် ၂၄ ရက်စွဲဖြင့် အသိပေးကြေညာ
ချက်ထုတ်ပြန်ထားကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်
အရေးတကြီးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင်အရည် အောက်ဆီဂျင်ဓာတ်ငွေ့၊ အိမ်သုံးအောက်ဆီဂျင်စက်နှင့်ဆေးဝါးနှင့်
ဆက်စပ် ပစ္စည်းများအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၊ ပင်လယ်ရေကြောင်းဆိပ်ကမ်းများနှင့်
နယ်စပ် ကုန်သွယ်ရေးစခန်းများဖြစ်သည့် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်းတို့မှ
အဆက်မပြတ် တင်သွင်းခွင့်ပြုလျက်ရှိသည်။
ဇူလိုင်၂၄ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ Oxygen Concentrator ၂၇၁၉ လုံး အပါအဝင် မူဆယ်၊ မြဝတီ၊ တာချီလိတ်၊ ချင်းရွှေဟော်၊ ကော့သောင်းကုန်သွယ်ရေးစခန်းများမှ အောက်ဆီဂျင်အရည် (Bowser) ယာဉ် တစ်စီးဖြင့် တန် ၂၀၊ အောက်ဆီဂျင်အရည် (အိုးဖြင့်) တန် ၁၂၀၊ အိမ်သုံး အောက်ဆီဂျင်စက်
(Oxygen Concentrator) ၂၈၁၅ ခု၊ နှာခေါင်းစည်း (Mask)
၁၈ တန် တင်သွင်းနိုင်ခဲ့သည်။ အထက်ပါပစ္စည်းများအား ကုမ္ပဏီ ၂၅ ခုမှ ယာဉ်စီးရေ
၃၈ စီးဖြင့် တင်သွင်းလာခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေး ပစ္စည်းများတင်သွင်းရာတွင်
နိုင်ငံတော်မှ ရောဂါထိန်းချုပ်မှုအတွက် ဦးစားပေးဆောင်ရွက်လျက် ရှိသည့် ဇူလိုင် ၁၂ ရက်မှ
ဇူလိုင် ၂၄ ရက်အထိ မော်တော်ယာဉ် ၃၈၈ စီးဖြင့် အောက်ဆီဂျင်အရည် (Bowser) ယာဉ်ဖြင့် ၄၇၅ တန်၊ အောက်ဆီဂျင် အရည် (အိုးဖြင့်) ၃၈၉ တန်၊ အောက်ဆီဂျင်ဓာတ်ငွေ့
(အိုးဖြင့်) ၆၃ တန်၊ အိမ်သုံး အောက်ဆီဂျင်စက် ၂၈၀၉၂ ခု၊ Test Kit ၁၉၈၅၇၅ ခု၊ နှာခေါင်းစည်း (Mask) ၆၃၅ တန် တင်သွင်းခွင့်ပြုခဲ့ပြီးဖြစ်သည်။
ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ကုသရေး ပစ္စည်းများတင်သွင်းရာတွင်
လွယ်ကူမြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသလို အကူအညီလိုအပ်ပါကလည်း
သက်ဆိုင်ရာ တာဝန်ရှိသူများထံ တိုက်ရိုက်ဆက်သွယ်နိုင်ရေးအတွက် ဌာနများအလိုက် ဆက်သွယ်မေးမြန်းနိုင်သည့်
တာဝန်ခံ (Contact
Person)များနှင့် အသိပေးကြေညာချက်များကိုလည်း ဝန်ကြီးဌာန Website
ဖြစ်သည့် Commerce.gov. mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး
စီစဉ်ဆောင်ရွက် ပေးထားပါကြောင်း သိရသည်။
သတင်းစဉ်

No comments