မင်းဘူးမြို့ရှိ ခရိုင်အားကစားခန်းမကို ပိုးတွေ့အတည်ပြုလူနာများ ထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားရှိ
မင်းဘူး
ဇူလိုင် ၂၄
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့
အမှတ်(၄)ရပ်ကွက်ရှိ ခရိုင်အားကစားကွင်း မိုးလုံလေလုံအားကစားခန်းမကို
ပိုးတွေ့အတည်ပြုလူနာများထားရှိရန် ပြင်ဆင်ဆောင်ရွက်ထားပြီး ဇူလိုင် ၂၄ ရက် ညနေပိုင်းတွင်
စတင်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့
အတည်ပြုလူနာများ နေ့စဉ်တွေ့ရှိမှုနှုန်း မြင့်တက်လာသည့်အတွက် ယခင်
Quarantine Center အဖြစ် အရန်ထားရှိသော ခရိုင်မိုးလုံလေလုံ အားကစားခန်းမကို
Treatment Center (အမျိုးသမီးသီးသန့်ဆောင်) အဖြစ် ပြောင်းလဲ ဖွင့်လှစ်သွားရန် ပြင်ဆင်နေခြင်းဖြစ်သည်။
အဆိုပါ အဆောင်ကို ကျန်းမာရေးလမ်းညွှန်ချက်များနှင့်
ပြင်ဆင်နိုင်ရေးအတွက် ဇူလိုင် ၂၃ ရက်က ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက
ရေ၊ မီး၊ အိမ်သာနှင့် ခုတင်များ ကြိုတင်နေရာချထား ပြင်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး
ခရိုင် အား/ကာမှူး၊ အမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် ပြင်ဆင်ရေးအဖွဲ့များက လိုအပ်သည်များနှင့် အခက်အခဲများကို
တင်ပြရာ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ခရိုင်မိုးလုံလေလုံအားကစားခန်းမ
Treatment Center (အမျိုးသမီးသီးသန့်ဆောင်)တွင်
အမျိုးသမီး ပိုးတွေ့အတည်ပြုလူနာဦးရေး (၆၀)ဦးခန့် ထားရှိရန်အတွက် ကြိုတင်ပြင်ဆောင်ရွက်နေပြီး ၎င်းအဆောင်ကို အမျိုးသမီး
စေတနာ့ဝန်ထမ်းများအပါအဝင် အမျိုးသမီးကြီးကြပ်ရေးအဖွဲ့ဝင် (၁၀)ဦးနှင့်အတူ ကျန်းမာရေးဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
“မင်းဘူး(စကု)မြို့နယ်တွင်က ကိုဗစ်အရေးပေါ် စောင့်ကြည့်လူနာတွေကို
ခရိုင်ပြည်သူ့ဆေးရုံ Isolation Ward မှာ သီးခြားထားရှိ ကုသဆောင်ရွက်ပေးထားပါတယ်။
သာမန်ပိုးတွေ့ (မစိုးရိမ်ရ) လူနာတွေကိုတော့
ဆည်းဆာရိပ်တို့၏ခိုလုံရာ ဘိုးဘွားရိပ်သာ၊ စက္ကိန္တဲဘုရားနဲ့ စကုကန်ဦး သဘာဝတရားရိပ်သာ
စတဲ့ Treatment Center တွေမှာ ထားရှိဆောင်ရွက်ပေးထားပြီးတော့
ယခု ဆောင်ရွက်ထားတဲ့ ခရိုင်အားကစားခန်းမ Treatment Center မှာတော့
(အမျိုးသမီးသီးသန့်ဆောင်)အဖြစ် တိုးချဲ့ထားရှိသွားမှာ
ဖြစ်ပါတယ်” ဟု မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းသန့်က ပြောသည်။
မင်းဘူး(စကု)မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ
(တတိယလှိုင်းတွင်) ဇူလိုင် ၂၃ ရက် ညပိုင်းအချိန်ထိ
ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း (၄၃၇)ဦး၊
ဆေးရုံဆင်းခွင့်ရရှိသူ (၁၅၆)ဦးနှင့် တက်ရောက်ကုသဆဲ
(၂၅၉)ဦးရှိပြီး သေဆုံးသူ (၂၂)ဦး ရှိခဲ့ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။
မောင်မောင်(မင်းဘူး)


No comments