ဧရာဝတီတံတား (သရက်-အောင်လံ)တည်ဆောက်မှု ၂၁ ရာခိုင်နှုန်းပြီးစီး
သရက် ဩဂုတ် ၁၅
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ဧရာဝတီတံတား(သရက်-အောင်လံ) တည်ဆောက်ရေးစီမံကိန်းအား ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယခုအခါ တံတားတစ်စင်းလုံး တည်ဆောက်မှု၏ ၂၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
ဧရာဝတီတံတား(သရက်-အောင်လံ)၏ အရှည်မှာ စုစုပေါင်း ၂၂၇၂ ဒသမ
၅ မီတာရှိမည်ဖြစ်ပြီး ပင်မတံတား၏ အရှည်မှာ ၁၇၃၂ ဒသမ ၅ မီတာရှိမည်ဖြစ်ကာ မီတာအရှည် ၁၄၄
မီတာစီပါဝင်သော ခန်းဖွင့် ၁၂ ခန်းဖြင့် တည်ဆောက်သွားမည်ဖြစ်သည်။
တည်ဆောက်သွားမည် သရက်မြို့ဘက်ကမ်း၌ အရှည်မီတာ ၃၀၀ ရှိသော
ချဉ်းကပ်တံတားအား မီတာ ၃၀ စီပါဝင်သော ခန်းဖွင့် ၁၀ ခန်း၊ အောင်လံမြို့ဘက်ကမ်း၌ အရှည်
မီတာ ၂၄၀ ရှိသော ချဉ်းကပ်တံတားအား မီတာ ၃၀ စီပါဝင်သော ခန်းဖွင့် ရှစ်ခန်းဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း
သိရသည်။
ပင်မတံတားမှာ သံပေါင်ခုံးတံတားအမျိုးအစားဖြစ်ပြီး ချဉ်းကပ်တံတားများအား
သံကူကွန်ကရစ်ဖြင့် တည်ဆောက်မည်ဖြစ်ကာ ရေလယ်တိုင်အုတ်မြစ်များအား သံကူကွန်ကရစ်ပိုင်များဖြင့်
တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။
တံတားအကျယ် ၁၀ ဒသမ ၅ မီတာ၊ ယာဉ်သွားလမ်းအကျယ် ၈ ဒသမ ၅ မီတာနှင့်
လူသွားလမ်းအကျယ် တစ်ဖက်လျှင် တစ်မီတာ စီပါဝင်မည်ဖြစ်၍ ရေလမ်းကင်းလွတ်အကျယ် မီတာ ၁၃၀
နှင့် အမြင့် ၁၆ မီတာ ရှိမည်ဖြစ်ကာ တံတားခံနိုင်ဝန်မှာ ၇၅ တန်ဖြစ်ကြောင်း သိရသည်။ လက်ရှိအနေအထားအရ
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံချက်အတွက် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ပင်မတံတားတိုင်
ဘိုးပိုင်အုတ်မြစ် ၁၁၇ လုံးအပါအဝင် ပိုင်ထိပ်နှင့် Shaft တိုင်လုပ်ငန်း ခုနစ်ခု ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း
သိရသည်။
အဆိုပါ တံတားသစ်တည်ဆောက်ရေးလုပ်ငန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်
ပြီးစီးရန်လျာထားကြောင်း ဆောက်လုပ်ရေးဝန်ကြီး ဌာနက သိရသည်။
အဆိုပါ ဧရာဝတီတံတား(သရက်-အောင်လံ)တည်ဆောက်ရေး စီမံကိန်းအား
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တည်ဆောက်ရေးအဖွဲ့(၃)မှ တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး
တံတားသစ်တည်ဆောက်ရန်အတွက် ခန့်မှန်းတန်ဖိုးငွေကျပ်သန်းပေါင်း ၉၈၀၀၀ အကုန်အကျခံ တည်ဆောက်မည်ဖြစ်ကြောင်း
ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၃) ညွှန်ကြားရေးမှူး(မြို့ပြ)
ဦးဌေးအောင်က ပြောသည်။
သတင်း-ပွင့်သစ္စာ၊
ဓာတ်ပုံ-စိုးမြင့်အောင်
No comments