ပဲခူးမြို့တော် သန့်ရှင်းသာယာလှပရေး၊ လမ်းများ အဆင့်မြှင့်တင်နိုင်ရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေး
ပဲခူး ဩဂုတ် ၂၁
ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ဩဂုတ် ၂၀ ရက် နံနက် ၁၀ နာရီက
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ ဝန်ကြီးများနှင့်အတူ
ပဲခူးမြို့တော် သန့်ရှင်းသာယာလှပရေး၊ တိုင်းမြို့တော်အဖြစ်
လမ်းများအဆင့်မြှင့်တင်နိုင်ရေးနှင့် သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်ရေး
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများအား တွေ့ဆုံလမ်းညွှန်မှု
ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက
ပဲခူးမြို့သည် တိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး ပဲခူးမြို့အား စံနမူနာယူရမည့်
မြို့တော်အဖြစ် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြို့တော်အင်္ဂါရပ်နှင့်အညီ ဖြစ်စေရေးအတွက်
သန့်ရှင်းသာယာလှပရေး၊ အမှိုက်များကင်းစင်ရေး၊ လမ်းအဆင့်မြှင့်တင်ခြင်း၊ လူသွားလမ်း
ပလက်ဖောင်းများ တည်ဆောက်ခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်များ တပ်ဆင်ခြင်း၊
ရေမြောင်းများတူးဖော်ခြင်း၊ လမ်းဘေးဝဲ/ယာ အရိပ်ရအလှပင်များ စိုက်ပျိုးခြင်းနှင့်
ပြည်သူများထံသို့ သန့်ရှင်းသော သောက်သုံးရေ ဖြန့်ဝေပေးခြင်းများ စသည့်လုပ်ငန်းစဉ်တို့ကို အရှိန်အဟုန်မပြတ် ဖြည့်ဆည်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ပဲခူးမြို့၌ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် တည်ဆောက်ရေးလုပ်ငန်း စီမံကိန်းအား
အကောင်အထည်ဖော် ဆောင်ရွက်နေသည့်အတွက် လေဆိပ်စီမံကိန်းနှင့်အတူ အဆင့်မြင့်အိမ်ရာဇုန်များ၊
ဟိုတယ်ဇုန်များ၊ စက်မှု/ စီးပွားရေးဇုန်များ၊ သယ်ယူ/ ပို့ဆောင်ရေးဇုန်များ
ဖြစ်ပေါ်လာနိုင်မည်ဖြစ်၍ ယခု အချိန်ကတည်းက မြို့တွင်းလမ်းများ အဆင့်မြှင့်တင်ရန်
ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်
ပဲခူးမြို့နေပြည်သူများ လုံခြုံချောမွေ့စွာ သွားလာနိုင်ရေးအတွက် အနိမ့်ဆုံး ကွန်ကရစ်လမ်းများအဖြစ်
အချိန်တိုအတွင်း အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဦးစားပေးအနေဖြင့်
အဓိက လမ်းမကြီးများဖြစ်သည့် ရန်ကုန်-မန္တလေး လမ်းမကြီး၊ အရှေ့ဘက် မြို့ရှောင်လမ်း၊
အနောက်ဘက် မြို့ရှောင်လမ်းတို့နှင့် ချိတ်ဆက်ထားသည့် လမ်းများအား ကွန်ကရစ်လမ်းများ
ဖြစ်စေရန် ဆောင်ရွက်ပေးမည်ဖြစ်ပြီး မြို့တွင်း၌ရှိပြီးသား ကျောက်လမ်း/ မြေနီလမ်း -
ဂဝံလမ်းများကိုလည်း ကွန်ကရစ်လမ်းများအဖြစ် ဆက်လက်၍ လမ်းအဆင့် မြှင့်တင်ပေးမည်ဖြစ်ကြောင်း၊
မိမိတို့တိုင်းဒေသကြီးအစိုးရသည် ပြည်သူအကျိုးရှိမည့် မည်သည့်လုပ်ငန်းများကိုမဆို
အချိန်မဆိုင်းဘဲ တာဝန်ယူရသည့် ကာလအတွင်း အားသွန်ခွန်စိုက်
ကြိုးပမ်းဆောင်ရွက်ပေးသွားမည်ကြောင်းနှင့် တိုင်းဒေသကြီး စည်ပင်သာယာရေး ဦးစီးဌာန
အနေဖြင့်လည်း မိမိတို့တာဝန်ယူထားသည့် မြို့တွင်းလမ်းများ၏ အခြေအနေကို စဉ်ဆက်မပြတ်
ကြီးကြပ်စစ်ဆေး ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက်
ပဲခူးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးအောင်မြင့်နှင့်
ပဲခူးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ လက်ထောက်အင်ဂျင်နီယာ ဦးကျော်ဇင်ညွန့်မှ
တိုင်းဒေသကြီးဝန်ကြီးချုပ်၏ အနီးကပ်ကြီးကြပ် လမ်းညွှန်မှုဖြင့်
ဆောင်ရွက်လျက်ရှိသည့် ပဲခူးမြို့တွင်း ရပ်ကွက်အလိုက် လမ်းများအဆင့်မြှင့်တင် ဆောင်ရွက်နေမှု
အခြေအနေများအား Power Point ဖြင့်
အသေးစိတ်ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက်
တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက မြို့တွင်းကတ္တရာလမ်းများနှင့်
ကွန်ကရစ်လမ်းများ တည်ဆောက်ရာတွင် လမ်းပုခုံး ကွန်ကရစ်ခင်းခြင်းကိုပါ တစ်ပါတည်း
ထည့်သွင်းဆောင်ရွက်ရန်၊ မြို့တွင်းရှိပြီးသား ကျောက်လမ်း/ မြေနီလမ်း - ဂဝံလမ်းများသည်
အောက်ခြေ အမာခံရှိပြီးသားဖြစ်၍ ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် လွယ်ကူပြီး
မြေသားလမ်းအတွက်သာ အောက်ခြေအမာခံ ရရှိနိုင်ရေး ကျောက်နှင့်ဂဝံခင်းခြင်း
လုပ်ငန်းများ လိုအပ်မည်ဖြစ်ကြောင်း၊ လမ်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ
ဆောင်ရွက်ရာတွင် ရေနုတ်မြောင်းများကိုလည်း တစ်ပါတည်း ထည့်သွင်းဆောင်ရွက်ရန်၊
ရေဝင်ရောက်သည့် မြေနိမ့်ရပ်ကွက်များအတွင်း လမ်းမြေသား မြှင့်တင်ခြင်းလုပ်ငန်း
ဆောင်ရွက်ပြီးမှသာ ကွန်ကရစ်လမ်းခင်းရန်၊ လမ်းဘေးဝဲယာ ပလပ်ဖောင်းများနှင့်
အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားရန်၊ မြေအောက်ရေသုံးစွဲမှု လျော့ကျစေရေး
မြို့ရေပေးဝေရေး လုပ်ငန်းများကိုလည်း အမြန်ဆုံး တိုးချဲ့ဆောင်ရွက်သွားရန်
လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ဆက်လက်၍
တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊
ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ပဲခူးမြို့၊ ကန်တော်ကြီး ရေပေးဝေရေးစက်ရုံသို့
သွားရောက်ခဲ့ပြီး တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး
ဦးအောင်မြင့်မှ ကန်တော်ကြီးအတွင်းမှ ရေများအား ရေပေးဝေရေးစက်ရုံသို့
ရေသွယ်ယူဆောင်ရွက်မှုနှင့် မြို့တွင်းရပ်ကွက်များသို့ ရေပေးဝေမှု အခြေအနေများအား
ရှင်းလင်းတင်ပြခဲ့ရာ၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရေပေးဝေရေး လုပ်ငန်းတွင်
အရေးကြီးဆုံးဖြစ်သည့် ရေသန့်စင်ခြင်းလုပ်ငန်းကို အစဉ်အမြဲ ဂရုစိုက် ဆောင်ရွက်ရန်လိုကြောင်း၊
သို့မှသာ အများပြည်သူအတွက် သန့်ရှင်းသော သောက်သုံးရေကို
အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ ရေမသန့်ရှင်းမှုကြောင့် ဖြစ်ပွားတတ်သည့် ရောဂါများ
မဖြစ်ပေါ်စေရေး ရေသန့်စင်ခြင်းအပြင် လိုအပ်သော ကလိုရင်းဆေးခတ်ခြင်းများကိုလည်း
စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ပြောကြားခဲ့ပြီး ပဲခူးမြို့
ရေပေးဝေရေးစက်ရုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တင်စိုး(ပဲခူး)



No comments