လူကာကူ၏ နေရာအား ဒီဇီကိုကို အစားထိုးခေါ်ယူလိုက်သည့် စီးရီးအေချန်ပီယံ အင်တာမီလန်


 


ဩဂုတ် ၁၆

အီတလီစီးရီးအေချန်ပီယံ အင်တာမီလန် အသင်းသည် အသင်းမှ အားထားရသည့် တိုက်စစ်မှူး လူကာကူကို ပရီမီယာကလပ် ချယ်ဆီးအသင်းထံသို့ ရောင်းချပြီးနောက် ရိုးမားအသင်းမှ မန်စီးတီးတိုက်စစ် ကစားသမားဟောင်း ဒီဇီကိုကို အစားထိုး စာချုပ် ခေါ်ယူလိုက်ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ အင်တာမီလန်အသင်းသည် အဆိုပါ အသက် ၃၅ နှစ်အရွယ်ရှိ ဒီဇီကိုကို နှစ်နှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ခြင်း ဖြစ်သည်။

အင်တာမီလန်အသင်းသည် ဒီဇီကို ချယ်ဆီးအသင်းသို့ ပေါင် ၉၇ ဒသမ ၅ သန်း ဖြင့် ပြောင်းရွှေ့သွားသော လူကာကူ၏ နေရာကို အစားထိုးခေါ်ယူခဲ့ခြင်းဖြစ်သောကြောင့် ဒီဇီကိုသည် အင်တာမီလန်အသင်း၌ လူကာကူဝတ်ဆင်ခဲ့သော နံပါတ် ၉ ဂျာစီကို ဝတ်ဆင်ကစားသွားမည်ဖြစ်သည်။ ဒီဇီကိုသည် ရိုးမားအသင်းသို့ ၂၀၁၅-၁၆ ရာသီ တွင် အငှားဖြင့် လာရောက်ကစားခဲ့ပြီး ပြိုင်ပွဲစုံ ၃၉ ပွဲ ပါဝင်ကစားခဲ့ကာ ၁၀ ဂိုး သွင်းယူပေးထားနိုင်သည်။ ထို့နောက် ၂၀၁၆-၁၇ ရာသီတွင် ရိုးမားအသင်းသည် ဒီဇီကိုအား အမြဲတမ်းစာချုပ် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ ရိုးမားအသင်းသို့ ပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ပွဲ ၂၆၀ ပါဝင်ကစားခွင့်ရရှိကာ ၁၁၉ ဂိုး သွင်းယူပေးနိုင်ခဲ့သည်။

ရိုးမားအသင်းနည်းပြ ဒို့စ်မော်ရင်ဟိုသည် အသင်းမှထွက်ခွာသွားသော တိုက်စစ်ကစားသမား ဒီဇီကို၏နေရာကို ချယ်ဆီးတိုက်စစ် ကစားသမား အေဗရာဟမ်ဖြင့် အစားထိုးရန် ချိန်ရွယ်နေကြောင်း သိရသည်။ အင်တာမီလန် အသင်းသည် ပီအက်စ်ဗွီအသင်းမှ ခံစစ်ကစားသမား ဒမ်ဖရိုင်းစ်ကိုလည်း လေးနှစ်စာချုပ်ဖြင့် ခေါ်ယူခဲ့ကြောင်း သိရသည်။ ဒမ်ဖရိုင်းစ် သည် ပီအက်စ်ဗွီအသင်းထံသို့ ၂၀၁၈-၁၉ ရာသီတွင် ပြောင်းရွှေ့ရောက်ရှိခဲ့ပြီး အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၁၂၄ ပွဲ ပါဝင်ကစားခွင့်ရရှိကာ ၁၆ ဂိုး သွင်းယူ ပေးထားနိုင်သည်။

အင်တာမီလန်အသင်းသည် လာမည့် တနင်္ဂနွေနေ့တွင် ၂၀၂၁၂၂ ရာသီ စီးရီးအေပွဲစဉ်(၁)အဖြစ် ဂျီနိုအာအသင်းနှင့် ယှဉ်ပြိုင်ကစား သွားမည်ဖြစ်သည်။

အောင်ဇော်

No comments

Powered by Blogger.