ဝါတွင်းကာလ သီတင်းသုံးတော်မူကြသော ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်များ ဆက်ကပ်လှူဒါန်း
မန္တလေး၊ ဩဂုတ် ၂၂
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တို့မှ ချမ်းမြသာစည်မြို့နယ်နှင့် အမရပူရမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ကုလားပဲ၊ ကြက်သွန်များကို ယနေ့ နံနက်ပိုင်းက သက်ဆိုင်ရာ ကျောင်းများအလိုက် ဆက်ကပ် လှူဒါန်းကြသည်။
လှူဒါန်းပွဲသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တိုင်းဒေသကြီး သာသနာ ရေးဦးစီးမှူးတို့ တက်ရောက်ကြပြီး ချမ်းမြသာစည်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊ သာမဏေအပါး (၄၀၉၀) အတွက် ငွေကျပ် (၃၈၉၆၃၉၇၅) တန်ဖိုး ရှိ ဆန် (၁၀၂၃) အိတ်၊ ဆီ (၂၀၄၇) ပိဿာ ၊ ကုလားပဲ (၂၀၄၇) ပိဿာနှင့် ကြက်သွန် (၂၀၄၇) ပိဿာ ကို ဦးပွားဘုရား သိမ်တော် ကြီး၌လည်းကောင်း၊ အမရပူရမြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ ရဟန်း၊သာမဏေ (၂၅၀၃) ပါးအတွက် ငွေကျပ် (၂၅၆၁၄၃၈၀) တန်ဖိုးရှိ ဆန် (၆၇၃) အိတ်၊ ဆီ (၁၃၄၆) ပိဿာ၊ ကုလားပဲ (၁၃၄၆) ပိဿာနှင့် ကြက်သွန် (၁၃၄၆) ပိဿာကို ဆင်ဖြူမယ်ကျောင်းတိုက် ဓမ္မာရုံတွင် လည်းကောင်း လှူဒါန်းကြသည်။
ယင်းနောက် တက်ရောက်လာသူများက မြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်တို့ထံမှ ငါးပါးသီလခံယူပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)




No comments