ပခုက္ကူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ Mobile ယာဉ်ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေး
ပခုက္ကူ ဩဂုတ် ၂၈
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ်ဖြင့် ဩဂုတ် ၂၈ ရက် နံနက် ၉ နာရီက
ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ အခမဲ့ ကွင်းဆင်းစစ်ဆေးရာ
အရာတော်ကျေးရွာမှ လာရောက်စစ်ဆေးခံယူသူ ၂၃ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ
၉ ဦး တွေ့ရှိသည်။
ပခုက္ကူမြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်ပိုး ကူးစက်ခံရမှုရှိ/မရှိ သိရှိနိုင်ရေး ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ စေတနာ့ဝန်ထမ်းများနှင့်
သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ
ပူးပေါင်းပြီး ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ) Mobile ယာဉ်ဖြင့် အခမဲ့ကွင်းဆင်းစစ်ဆေးကြရာ နံနက်ပိုင်းတွင် အရာတော်ကျေးရွာမှ လာရောက်စစ်ဆေးသူ
၂၃ ဦးတွင် ၉ ဦးပိုးတွေ့ရှိပြီး ဆိက္ခဝကျေးရွာမှ ၁၇ ဦး လာရောက်စစ်ဆေးရာ ပိုးတွေ့သူမရှိကြောင်း
သိရသည်။
ပခုက္ကူမြို့နယ်အတွင်း ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးရှိနိုင်ကြောင်း သံသယဖြစ်ပါက ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးကြီးတွင်
နံနက် ၈ နာရီခွဲမှ ၁၀ နာရီအတွင်း RDT Test Kit ဖြင့် လာရောက်စစ်ဆေးမှု
ခံယူနိုင်ကြောင်း၊ Stay at Home (နေအိမ်နေထိုင်ရေး) အကျုံးဝင်သည့် မြို့ဖြစ်သည်နှင့်အညီ မြို့ပေါ်သို့ လာရောက်စစ်ဆေးရန် အခက်အခဲဖြစ်ပေါ်သည့်
ကျေးရွာရှိပြည်သူများအား ပြည်သူ့ဆေးရုံကြီး (ပခုက္ကူ)
Mobile ယာဉ် (ကိုဗစ်ပိုးစစ်ဆေးရေးယာဉ်)
ဖြင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦး၊
ကျေးလက်ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့်
စေတနာ့ဝန်ထမ်းများစုပေါင်းပြီး အခမဲ့ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည်ဖြစ်သည်။
ပခုက္ကူမြို့နယ်တွင် ဩဂုတ် ၂၇ ရက်အထိ ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၏
ဆေးရုံမှတ်တမ်းအရ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ (၁၁၆၂) ဦးနှင့် သေဆုံးသူ (၁၀၇)
ဦးအထိ ရှိလာပြီး ကိုဗစ်-၁၉ ပိုးရှိ/မရှိ ဆက်လက် စစ်ဆေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ
RDT Test Kit (၁၅၀၀) ခုနှင့် မမြသန္တာဝင်း ဖုန်းနှင့်
ကုန်မျိုးစုံဖြန့်ချိရေး (ပခုက္ကူမြို့) မှ RDT Test Kit (၁၀၀၀) ခု လှူဒါန်းကြကြောင်း
သိရသည်။
ဘာမီသာ(မဟာဝိဇ္ဇာ)



No comments