မလေးရှားနိုင်ငံ၌ တစ်ရက်အတွင်း ( ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၂၀၃၉၆ ဦးရှိ
ကွာလာလမ်ပူ စက်တင်ဘာ ၆
မလေးရှားနိုင်ငံ၌ ယနေ့တွင် ကိုဗစ်-၁၉ ရောဂါ
ကူးစက်ခံရသူ၂၀၃၉၆ ဦးရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ
ကူးစက်ခံရသူစုစုပေါင်း ၁၈၄၄၈၃၅ ဦးရှိလာကြောင်း မလေးရှားကျန်းမာရေး ဝန်ကြီးဌာနက
သတင်းထုတ်ပြန်သည်။
အဆိုပါတစ်ရက်အတွင်း ကူးစက်ခံရသူများအနက် ၂၀၃၈၈ ဦးသည်
ပြည်တွင်း၌ ကူးစက်ခံရသူများ ဖြစ်ကြောင်းနှင့် ရှစ်ဦးသည် ပြည်ပမှ
ပြန်လည်ရောက်ရှိလာသူများအနက်မှ ကူးစက်ခံရသူများဖြစ်ကြောင်း မလေးရှား ကျန်းမာရေးဝန်ကြီးဌာနမှ
ညွှန်ကြားရေးမှူးချုပ် နော်ဟစ်ရှမ်အဗ္ဗဒူလာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
ထို့ပြင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့်
သေဆုံးသူ ၃၃၆ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း
၁၈၂၁၉ ဦးရှိလာကြောင်း သိရသည်။ ယနေ့တွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါမှ
ပြန်လည် ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၂၀၅၇၃ ဦး ရှိခြင်းကြောင့်
ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ စုစုပေါင်း ၁၅၇၀၈၂၇ ဦး ရှိလာကြောင်းနှင့်
ယင်းအရေအတွက်သည် နိုင်ငံတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စုစုပေါင်း၏ ၈၅ ဒသမ ၁
ရာခိုင်နှုန်းရှိကြောင်း သိရသည်။
လက်ရှိတွင် မလေးရှားနိုင်ငံ၌ ကိုဗစ်-၁၉
ရောဂါပိုးတွေ့ရှိဆဲလူနာ ၂၅၅၇၈၉ ဦးရှိကြောင်း၊ ယင်းတို့အနက် ၉၅၉ ဦးသည်
အထူးကြပ်မတ်ကုသဆောင်များ၌ ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းနှင့် ၄၃၆ ဦးသည် အသက်ရှူ
အထောက်အကူပြု ကိရိယာများ လိုအပ်လျက်ရှိကြောင်း သိရသည်။
မလေးရှားနိုင်ငံ၌ စက်တင်ဘာ ၅ ရက်တစ်ရက်တည်းမှာပင်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အလုံးရေ ၃၀၀၅၀၁ အသုံးပြုခဲ့သည်။ လက်ရှိတွင်
မလေးရှားနိုင်ငံ၌ နိုင်ငံလူဦးရေ၏ ၆၂ ဒသမ ၅ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉
ရောဂါကာကွယ်ဆေး တစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်းနှင့် ၄၈ ဒသမ ၃ ရာခိုင်နှုန်းသည်
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
No comments