ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ ယနေ့ကျင်းပမည်


သတင်း-ကိုညီလေး
ဓာတ်ပုံ-affsuzukicup

စင်ကာပူနိုင်ငံ၌ကျင်းပနေသည့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ပထမအကျော့ကို ဒီဇင်ဘာ ၂၉ ရက်တွင် ပြုလုပ်သွားမည်ဖြစ်ပြီး အင်ဒိုနီးရှားနှင့် ထိုင်းအသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။


ယင်းနှစ်သင်းသည် ပြိုင်ပွဲတစ်လျှောက်ရှုံးပွဲမရှိဘဲ ဗိုလ်လုပွဲတက်ရောက်လာခြင်းဖြစ်ပြီး အုပ်စုပထမဖြင့် ဆီမီးဖိုင်နယ်တက်ရောက်လာသလို ဆီမီးဖိုင်နယ်တွင်လည်း ထိုင်းအသင်းက လက်ရှိချန်ပီယံ ဗီယက်နမ်၊ အင်ဒိုနီးရှားအသင်းက အိမ်ရှင်စင်ကာပူအသင်းတို့ကို ကျော်ဖြတ်ခဲ့ခြင်းဖြစ်သည်။


ထိုင်းအသင်းသည် အုပ်စုပွဲများတွင် စင်ကာပူ၊ မြန်မာ၊ တီမော၊ ဖိလစ်ပိုင် လေးသင်းစလုံးကို အနိုင်ရလာ ခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်းမှာမူ ဗီယက်နမ်နှင့် သရေကျကာ မလေးရှား၊ ကမ္ဘောဒီးယားနှင့် လာအိုအသင်း တို့ကို ဂိုးပြတ်အနိုင်ရလာခြင်းဖြစ်သည်။


ဆီမီးဖိုင်နယ်တွင် ထိုင်းအသင်းက ဗီယက်နမ်ကို ပထမအကျော့တွင် နှစ်ဂိုးပြတ်အနိုင်ရကာ ဒုတိယအကျော့တွင် ဂိုးမရှိသရေကစားပြီး နှစ်ကျော့ပေါင်းရလဒ် နှစ်ဂိုး-ဂိုးမရှိ၊ အင်ဒိုနီးရှားအသင်းက စင်ကာပူကို ပထမအကျော့တွင် တစ်ဂိုးစီသရေကျပြီး ဒုတိယအကျော့တွင် လေးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ နှစ်ကျော့ပေါင်း ငါးဂိုး-သုံးဂိုးဖြင့် အနိုင်ရလာခြင်းဖြစ်သည်။

ထိုင်းနှင့် အင်ဒိုနီးရှားအသင်းသည် ဗိုလ်လုပွဲအဆင့်တွင် လေးကြိမ်မြောက်တွေ့ဆုံခြင်းဖြစ်ပြီး ပြီးခဲ့သည့် သုံးကြိမ်စလုံး ထိုင်းအသင်းက အနိုင်ရထားသည်။ ထိုင်းအသင်းသည် ၂၀၀၀ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် လေးဂိုး-တစ်ဂိုး၊ ၂၀၀၂ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် ပယ်နယ်တီအဆုံးအဖြတ် ခြောက်ဂိုး-လေးဂိုး၊ ၂၀၁၆ ပြိုင်ပွဲ ဗိုလ်လုပွဲတွင် နှစ်ကျော့ပေါင်း သုံးဂိုး-နှစ်ဂိုးတို့ဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။


ထိုင်းအသင်းသည် ယခုအကြိမ် ဗိုလ်စွဲပါက ခြောက်ကြိမ်မြောက် ချန်ပီယံဆုရခြင်းဖြစ်ပြီး အင်ဒိုနီးရှားအသင်း ဗိုလ်စွဲပါက ပထမဆုံးအကြိမ် ချန်ပီယံဆုရရှိခြင်းအဖြစ် မှတ်တမ်းဝင်မည်ဖြစ်သည်။

No comments

Powered by Blogger.