သီပေါမြို့နယ် အားကစားကွင်းနှင့် အားကစားရုံတို့တွင် လာရောက်ကစားသူများဖြင့် စည်ကား





 


သီပေါ   ဒီဇင်ဘာ   ၃၀


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ မြို့မအားကစားကွင်းနှင့် အားကစားရုံတို့တွင် ကျောင်းသားလူငယ်များနှင့် ဒေသခံပြည်သူများ အားကစားလာရောက်ကစားခြင်းဖြင့် စည်ကား လျက်ရှိကြောင်း သိရသည်။


“သီပေါမြို့နယ်မှာ အားကစားကွင်းနဲ့ အားကစားရုံ(၂)ခုရှိပြီး သန့်ရှင်းသပ်ရပ်မှုရှိစေဖို့အတွက် စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ထားရှိပါတယ်။ ယခင်က ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဖြစ်ပွားနေတဲ့ကာလ ဖြစ်သည့်အတွက် ကျောင်းသားလူငယ်တွေ လာရောက်ကစားခြင်းမရှိပါဘူး။ ယခုဆိုရင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနှုန်း၊ ကူးစက်မှုနှုန်းမရှိသလောက်ဖြစ်တဲ့အတွက် ကျောင်းသားလူငယ် တွေ လာရောက် ကစားနေပြီဖြစ်ပါတယ်။ ကျွန်မတို့ ဌာနအနေနဲ့ ကျောင်းတွေ၊ ရပ်ကွက်တွေကို အားကစားနဲ့ ပတ်သက်ပြီး အသိညာပေး ဟောပြောခြင်း၊ အားကစားပစ္စည်းတွ ေထောက်ပံ့ပေးအပ်ပြီး လူငယ်တွေ အားကစားကွင်းထဲ ရောက်အောင် စည်းရုံးခဲ့တဲ့အတွက် အားကစားကွင်းကြီးမှာ နေ့စဉ်ညနေ ၄ နာရီကစပြီး အားကစား ပေါင်းစုံနဲ့ ပြန်လည်အသက်ဝင်လာပြီဖြစ်ပါတယ်။ အားကစားများအနေနဲ့ကတော့ ကိုယ်ကြိုက်နှစ်သက်ရာ အားကစားကို လာရောက်ကစားကြတာ တွေ့ရပါတယ်။ ဘောလုံးကန်ခြင်း၊ ကြက်တောင်ရိုက်၊ စားပွဲတင်တန်းနစ်၊ ဘောလီဘော၊ Finesse Dance အကနဲ့ အပြေးအားကစားနည်းများ ကစားပြီး စည်းကား လျက်ရှိပါတယ်”ဟု မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန်းရွှေမာက  ပြောသည်။


အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနက နိုင်ငံတော်၏ အားကစား အဆင့်အတန်း တိုးတက်မြင့်မားရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ကြိုးစား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဒေသခံမိဘပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊  လူငယ်မောင်မယ်များ တစ်မျိုးသားလုံးကျန်းမာသန်စွမ်းပြီး ကိုယ်လက်ကြံ့ခိုင်မှုရှိစေရန်၊ အားကစားကို စိတ်ပါဝင်စားပြီး ထူးချွန်ထက်မြက်သော မျိုးဆက်သစ်အားကစားသမားကောင်းများနှင့် နိုင်ငံ့ဂုဏ်ဆောင် မည့် လက်ရွေးစင်အားကစားသမားများ ပေါ်ထွန်းလာစေရန်နှင့် မိမိပတ်ဝန်းကျင်တွင် ကျန်းမာကြံ့ခိုင်၍ လူ့သက်တမ်းစေ့နေထိုင်သွားလာနိုင်စေရန်အတွက် မြို့နယ်အားကစားကွင်းနှင့် အားကစားရုံတို့မှာ နေ့စဉ်လာရောက်ကစားနိုင်ကြောင်း၊ လိုအပ်သည့် အားကစားပစ္စည်းများကိုလည်း ထုတ်ယူကစားနိုင်ကြောင်း      မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။


ခင်လေး(သီပေါ ပြန်/ဆက်)


No comments

Powered by Blogger.