ပွင့်ဖြူမြို့နယ်၌ အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ အချိန်မီ လာရောက်ထိုးနှံကြရန် အသိပညာပေးနှိုးဆော်


ပွင့်ဖြူ     ဒီဇင်ဘာ    ၃၁  ရက်


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်အထက် ပြည်သူများအား ကာကွယ်ဆေးထိုးနှံမှု မကျန်ရှိစေရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဗီဇမျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ဒီဇင်ဘာ ၃၀ ရက်က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်‌ ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာန၊ မြို့နယ်လူမူဝန်ထမ်းဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် လယ်ကိုင်းကျေးရွာနှင့် လှည်းကြီးကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ အသိပညာပေးနှိုးဆော်ရာတွင် ကိုဗစ်-၁၉ ရောဂါ ဗီဇပြောင်းမျိုးကွဲသစ် အိုမီခရွန် ကူးစက်ပျံ့နှံ့မှုသည် ရက်ပိုင်းအတွင်း နိုင်ငံအရေအတွက် ပိုမိုများပြားလာခြင်း၊ အိုမီခရွန်မျိုးကွဲသစ်သည် မူလ ကိုဗစ်-၁၉ နှင့် လုံးဝမတူတော့ခြင်း လက်ရှိကာကွယ်ဆေးများ၏ ထိရောက်မှုလျော့ကျနိုင်ခြင်း၊ ယခင် ကိုဗစ်-၁၉ ရောဂါဖြစ်ဖူးသူ များလည်း ထပ်မံဖြစ်ပွားနိုင်ခြင်းနှင့် ရောဂါကူးစက်မှု ပိုမိုမြန်ဆန်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့်  ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို အကြိမ်ပြည့်ထိုးနှံရန်၊ ကာကွယ်ဆေးထိုးနှံပြီးသော်လည်း ကာကွယ်ရေး နည်းလမ်းများကို ဆက်လက်လိုက်နာကြရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းလမ်းညွှန်ချက်များနှင့်အညီ တိကျစွာ လိုက်နာဆောင်ရွက်ကြရန်၊ တတ်နိုင်သမျှ ပြည်သူအားလုံး ပူးပေါင်းဆောင်ရွက်ကြရန် စသည့် အသိပညာ ပေးလုပ်ငန်းများကို လှည့်လည်အသိပေးနှိုးဆော်ခဲ့ကြသည်။

ခင်ဝါဝါလှိုင် (ပြန်/ဆက်)

No comments

Powered by Blogger.