အားကစားဥယျာဉ်စီမံကိန်း ဘောလုံးကွင်း အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာ ပန္နက်တော်တင်မင်္ဂလာအခမ်းအနား မွန်ပြည်နယ် ဝန်ကြီးချုပ် တက်ရောက်
မော်လမြိုင် ဒီဇင်ဘာ ၂၉
မြန်မာ့အားကစား အဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် နိုင်ငံတော်မှ အမျိုးသားရေး တာဝန်တစ်ရပ်အဖြစ်ခံယူ၍ အားကစားနည်းများကို တိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိရာ မွန်ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်းက မော်လမြိုင်မြို့၊ မင်းရွာကျေးရွာ၌ ပြည်နယ် အားကစားဥယျာဉ်စီမံကိန်း ဘောလုံးကွင်း၊ အဆောက်အအုံများ ဆောက်လုပ်မည့် မြေနေရာတွင် ပန္နတော်တင်မင်္ဂလာအခမ်းအနားကို ကျင်းပရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အားကစားဥယျာဉ်စီမံကိန်း ဘောလုံးကွင်း၊ အဆောက်အအုံတို့ကို တာဝန်ယူတည်ဆောက်မည့် ကုမ္ပဏီများဖြစ်သည့် ကြယ်မြင့်မိုရ်၊ ငွေလျံဖြိုးထက်၊ စုန်ရေ၊ လင်းနိုင်၊ K- Excellent Engineering Co. Ltd.၊ Perfect Mother Co. Ltd.၊ Bright Future Co. Ltd.၊ ကုဋေကုဋာနှင့် Ngwe Moe Co. Ltd. ကိုးခုတို့က မိမိတို့တည်ဆောက်မည့် အပိုင်းလိုက် ရှင်းလင်းတင်ပြပြီးနောက် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် သတ်မှတ်နေရာ အသီးသီး၌ ပန္နက်တော်များ စိုက်ထူပေးပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးသည်။ အလားတူ မော်လမြိုင်မြို့၊ ရာမည ပွဲကြည့်စဉ် အသစ်ပြန်လည်တည်ဆောက်ခြင်း ပန္နက်တော်တင်မင်္ဂလာ အခမ်းအနား တက်ရောက်ကာ ပန္နက်တော်စိုက်ထူပေးသည်။
မွန်ပြည်နယ်အတွင်းရှိ လူငယ်၊ လူရွယ်များ၊ ကျန်းမာရေးနှင့် အားကစား လိုက်စားသူများအား ကျန်းမာကြံ့ခိုင်မှု အရည်အသွေးပြည့်ဝမှုနှင့် စိတ်ဓာတ်ရေးရာ မြင့်မားမှု ဘက်စုံ ထောင့်စုံမှ အရည်အသွေးမြှင့်တင်ပေးရန် ပြည်နယ်အစိုးရအနေဖြင့် အားကစားနည်းများအလိုက် လိုအပ်သည်များကို ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဖြူဝင်း(ပြန်/ဆက်)
No comments