မြန်မာငါးဖမ်းလှေတစ်စင်းမှ လှေလုပ်သားများအား ထိုင်းနိုင်ငံက ပြန်လည်လွှဲပြောင်းပေးအပ်

 


ကော့သောင်း ဇန်နဝါရီ ၂

အက်ဒမန် ပင်လယ်ပြင်အတွင်း စက်ချွတ်ယွင်းနစ်မြုပ်ကာ ထိုင်း ရေပြင်ပိုင်နက်အတွင်းသို့ ဒီဇင် ဘာ ၂၈ ရက်က မျောပါရောက် ရှိခဲ့သည့် မြန်မာငါးဖမ်းလှေတစ်စင်းမှ လှေလုပ်သားခြောက်ဦးအား ထိုင်းနိုင်ငံ ရနောင်းမြို့တာဝန်ရှိသူများက ကယ်ဆယ်ကာ အဆိုပါနေ့ ညနေပိုင်းက မြန်မာနိုင်ငံ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်သည်။

အဆိုပါ(အမည်မရှိ)ငါးဖမ်းလှေမှာ ထိုင်း-မြန်မာနယ်စပ် မြန်မာ့ပင်လယ်ပြင်အတွင်း ငါးဖမ်းထွက်စဉ် စက်ချွတ်ယွင်းမှု ဖြစ်ပွားပြီး နစ်မြုပ်ခဲ့ကာ ပင်လယ်ရေစီးကြောင်းနှင့်အတူ လှေလုပ်သားခြောက်ဦး အသက်ရှင်လျက် မျောပါ၍ ထိုင်းနိုင်ငံ ရေပိုင်နက်အတွင်း ရောက်ရှိသွားရာ ထိုင်းနိုင်ငံ နယ်ခြားစောင့် Royal Thai Navy တပ်ဖွဲ့က တွေ့ရှိကယ်ဆယ်ခဲ့သည်။ ၎င်းတို့အား ကိုဗစ်-၁၉ ရောဂါကူးစက်မှု ရှိ မရှိ စစ်ဆေးမှုများဆောင်ရွက်ပြီး ထိုင်း-မြန်မာနှစ်နိုင်ငံချစ်ကြည်ရေး ရှေးရှုကာ မြန်မာနိုင်ငံ ကော့သောင်းမြို့မှ တာဝန်ရှိသူများထံသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ခြင်းဖြစ်သည်။

အဆိုပါ လှေလုပ်သားများအား ကော့သောင်းမြို့ တာဝန်ရှိအဖွဲ့အစည်းများက စနစ်တကျ ပြန်လည်လက်ခံခဲ့ပြီး လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ကာ လှေလုပ်သားများအား ကိုဗစ်-၁၉ ရောဂါကူးစက် မှုမဖြစ်ပွားစေရန် မိုးကုတ် Quarantine Center ၌ ၁၀ ရက် အသွားအလာ ကန့်သတ်ထားရှိစောင့်ကြည့်ပြီး ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခြင်း မရှိမှသာ မိမိတို့ နေအိမ်အသီးသီးသို့ ပြန်လည်ပို့ဆောင်ပေးမည်ဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)

No comments

Powered by Blogger.