ဆူဇူကီးဖလားပြိုင်ပွဲတွင် ထိုင်းအသင်း ချန်ပီယံဆု ခြောက်ကြိမ်မြောက်ရရှိ

 


ရန်ကုန် ဇန်နဝါရီ   ၂

၂၀၂၀ အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ဗိုလ်လုပွဲ ဒုတိယအကျော့ကို ဇန်နဝါရီ ၁ ရက်က စင်ကာပူနိုင်ငံ၌ကျင်းပရာ ထိုင်းအသင်းသည် အင်ဒိုနီးရှားအသင်းနှင့် နှစ်ဂိုးစီသရေကျခဲ့သော်လည်း နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး-နှစ်ဂိုးဖြင့် အနိုင်ရကာ ချန်ပီယံဆုရရှိခဲ့သည်။

ထိုင်းအသင်းသည် ချန်ပီယံဆုကို ခြောက်ကြိမ်မြောက်ရယူပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ဆက်လက်ရပ်တည်နိုင်ခဲ့သည်။ အင်ဒိုနီးရှားအသင်းမှာမူ ဗိုလ်လုပွဲအိပ်မက်ဆိုးများကို ချေဖျက်နိုင်ခြင်း မရှိသေးဘဲ ဗိုလ်လုပွဲတက်ရောက်သည့် ခြောက်ကြိမ်စလုံးအရေးနိမ့်ခဲ့ပြီး ဒုတိယဖြင့်သာ ထပ်မံကျေနပ်ခဲ့ရသည်။ ထိုင်းအသင်းသည် ချန်ပီယံ ဆုကို ၁၉၉၆၊ ၂၀၀၀၊ ၂၀၀၂၊ ၂၀၁၄၊ ၂၀၁၆ နှင့် ၂၀၂၀ ပြည့်နှစ် တို့တွင် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။

ပထမအကျော့တွင် လေးဂိုးပြတ်အနိုင်ရထားသည့် ထိုင်းအသင်းသည် ဒုတိယအကျော့တွင် သရေရလဒ်ရယူပြီး ချန်ပီယံဆုကို တစ်ကျော့ပြန် ရယူနိုင်ခဲ့ခြင်းဖြစ်သည်။ အင်ဒိုနီးရှားအနေဖြင့် နိုင်ပွဲ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သော်လည်း အပြန်အလှန်သွင်းဂိုးများဖြင့် သရေရလဒ်ဖြင့်သာ ကျေနပ်ခဲ့ရခြင်းဖြစ်သည်။

ပထမအကျော့တွင် ပြတ်သားသည့်ရလဒ် ထွက်ပေါ်ပြီးဖြစ်သော်လည်း နှစ်သင်းစလုံး အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ခဲ့ပြီး ခုနစ်မိနစ်တွင် ရစ်ကီက အင်ဒိုနီးရှားအသင်းအတွက် ဂိုးစတင်သွင်း ယူခဲ့သည်။ ယင်းနောက်ပိုင်းတွင် ထိုင်းအသင်းက ချေပဂိုးပြန်ရရန် ကြိုးပမ်းသော်လည်း အင်ဒိုနီးရှားခံစစ်ကစားပုံကြောင့် ဒုတိယပိုင်းမှသာ ဂိုးများပြန်သွင်းနိုင်ခဲ့သည်။ ထိုင်းအသင်းအတွက် ဂိုးများကို ၅၄ မိနစ် တွင် အဒီဆက်နှင့် ၅၆ မိနစ်တွင် ယိုရန်တို့က သွင်းယူခဲ့သည်။ မိနစ် ၈၀ တွင် အီဂီက အင်ဒိုနီးရှားအတွက် ချေပဂိုးပြန်သွင်းသဖြင့် သရေရလဒ်ဖြင့် ပြီးဆုံးခဲ့ခြင်းဖြစ်သည်။

၂၀၂၀ ဆူဇူကီးဖလားပြိုင်ပွဲအပြီးတွင် ထိုင်းအသင်းက ချန်ပီယံဆုဆွတ်ခူးပြီး အင်ဒိုနီးရှားအသင်းက ဒုတိယ၊ ဗီယက်နမ်နှင့် စင်ကာပူအသင်းက ပူးတွဲတတိယဆုရရှိခဲ့သည်။

ရဲရင့်လွင်

No comments

Powered by Blogger.