၂၀၂၂ ခုနှစ် ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကျင်းပ



နေပြည်တော် မေ ၃၁ 


(၂၀၂၂) ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။


အခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းက (၂၀၂၂)ခုနှစ် “ကမ္ဘာ့ဆေးလိပ်မသောက်ရေးနေ့” အထိမ်းအမှတ် ဆောင်ပုဒ်မှာ Tobacco: Threat to Our Environment “တို့ပတ်ဝန်းကျင်မထိခိုက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီး ရှောင်ရှားပေး” ဖြစ်ပါကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ဆေးလိပ်၊ ဆေးရွက်ကြီး သုံးစွဲမှုကြောင့် နှစ်စဉ်လူဦးရေ (၈)သန်းကျော်သည်  နာတာရှည်ရောဂါမျိုးစုံ ဖြစ်ပွား၍ သက်တမ်းစေ့ မနေရဘဲ အချိန်မတိုင်မီ သေဆုံးလျက်ရှိကြောင်း၊ ၎င်းတို့အနက် (၁ ဒသမ ၂)သန်းခန့်သည် သူတစ်ပါး၏ ဆေးလိပ်ငွေ့ကို တဆင့်ခံရှူရှိုက်ရသည့်အတွက်ကြောင့်  ရောဂါများဖြစ်ပွား သေဆုံးနေကြရပါကြောင်း၊ အလွယ်တကူ ကာကွယ်၍ရနိုင်သည့်  အကြောင်းများကြောင့် သေဆုံးရခြင်းများတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီး ပစ္စည်းအမျိုးမျိုး သောက်သုံးခြင်းသည် “ထိပ်ဆုံး”တွင် ရှိနေကြောင်း၊ အဆိုပါ အကြောင်းရင်းကြောင့် အရွယ်ရောက်သူ (၁၀)ဦးတွင် တစ်ဦးသည် အသက် မသေ သင့်ဘဲ သေဆုံးနေသည် တွေ့ရှိနေရပါကြောင်း။


အများပြည်သူအား ဆေးရွက်ကြီးအန္တာရာယ် သတိပေးနိုင်ရန်အတွက်  (၂၀၂၁) ခုနှစ် အောက်တိုဘာ(၁၂)ရက်တွင် “ဆေးလိပ်နှင့် ဆေးရွက် ကြီးထွက်ပစ္စည်းများကို စံသတ်မှတ် ချက်များနှင့်အညီ ထုပ်ပိုးခြင်းနှင့် ကျန်းမာရေးသတိပေးရုပ်ပုံများ၊ စာသားများကို ပုံနှိပ်ဖော်ပြ ခြင်းဆိုင်ရာအမိန့်”ကို ထုတ်ပြန်ခဲ့ပြီးဖြစ်ကြောင်း၊ အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၊ စင်ကာပူ နိုင်ငံတို့နှင့်အတူ မြန်မာနိုင်ငံသည် တတိယမြောက်အကောင် အထည်ဖော်ဆောင်ရွက်သည့် နိုင်ငံဖြစ်ပါကြောင်း၊ ယခုနှစ် ဆောင်ပုဒ်ဖြစ်သည့်  “Tobacco: Threat to Our Environment” “တို့ပတ်ဝန်းကျင် မထိခိုက်ရေး၊ ဆေးလိပ်ဆေးရွက်ကြီး ရှောင်ရှားပေး”ဟူသည့် အတိုင်း ထုတ်လုပ်သူ လုပ်ငန်းရှင်များမှလည်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမှာ ဖြစ်သည့်အပြင် ပြည်သူများအနေဖြင့်လည်း ဆေးလိပ်နှင့်ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ရှားကြရန် တိုက်တွန်းကြောင်း ပြောကြားသည်။


ထို့နောက် ပြည်သူ့ကျန်းမာရေးဖောင်ဒေးရှင်းဥက္ကဋ္ဌ ဒေါက်တာသန်းစိန်က မြန်မာနိုင်ငံ ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းသောက်သုံးမှု ထိန်းချုပ်ရေးဆိုင်ရာ အောင် မြင်မှုများနှင့် ရှေ့ဆက်ဆောင်ရွက်ရမည့် လုပ်ငန်းများကိုလည်းကောင်း၊ The Union အဖွဲ့၏ ဒေသဆိုင်ရာညွှန်ကြားရေးမှူး Dr. Tara Singh Bam နှင့် အရှေ့တောင်အာရှ ဆေးလိပ် နှင့်ဆေးရွက်ကြီး ထိန်းချုပ်ရေးမဟာမိတ်အဖွဲ့ (SEATCA) မှ Smoke Free Program Manager  Dr. Domilyn C. Villarreiz  တို့က ဆေးလိပ်နှင့်ဆေးရွက်ကြီးကြောင့် ပတ်ဝန်းကျင် ထိခိုက်မှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားကြပြီး (၂၀၂၂) ခုနှစ် ကမ္ဘာ့ ဆေးလိပ်မသောက်ရေးနေ့ အထိမ်းအမှတ် မှတ်တမ်းဗွီဒီယို ပြသသည်။

အခမ်းအနား အပြီးတွင် ဒုတိယဝန်ကြီးများနှင့်  တာဝန်ရှိသူများသည် ကမ္ဘာ့ဆေးလိပ် မသောက်ရေးနေ့ အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှုကြသည်။ 


အဆိုပါအခမ်းအနားသို့ ဒုတိယဝန်ကြီးများ၊ ဒုတိယရှေ့နေချုပ်၊ နှီးနွယ်ဝန်ကြီးဌာန များမှ ဌာနဆိုင်ရာ အရာရှိကြီးများ၊ ပြည်နယ်/တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ တာဝန်ရှိသူများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ကမ္ဘာ့ဆေးလိပ်နှင့်ဆေးရွက်ကြီးသုံးစွဲမှု အခြေအနေ အစီ အရင်ခံစာ (၂၀၂၁) (Global Tobacco Epidemic Report 2021) အရ မြန်မာနိုင်ငံသည် လူမှုကွန်ရက် အပါအဝင် မီဒီယာပေါင်းစုံ အသုံးပြု၍ ဆေးလိပ်၊ ဆေးရွက်ကြီးသောက်သုံးမှု လျှော့ချနိုင်ရေး အသိပညာမြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် စွမ်းဆောင်ရည် အမြင့်ဆုံး (၄၆) နိုင်ငံတွင် တစ်နိုင်ငံ အပါအဝင်ဖြစ်ကြောင်း သိရသည်။ 


(သတင်းစဉ်)


No comments

Powered by Blogger.