အခြေခံပညာကျောင်းများနှင့်တက္ကသိုလ်များ သန့်ရှင်းသာယာသပ်ရပ်ရေးဆောင်ရွက်နေမှု ဒုတိယမြို့တော်ဝန် ကြည့်ရှုစစ်ဆေး



ရန်ကုန်    မေ   ၂၈


ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌ (ဒုတိယမြို့တော်ဝန်) သည် အတွင်းရေးမှူးဦးညွှန့်ဖေ ၊ကော်မတီဝင်များ၊ဌာနမှူးများနှင့်အတူ ယနေ့ နံနက် ၇ နာရီတွင် ဗဟန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ ကမ္ဘာအေး ဘုရားလမ်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်း ဌာနဆိုင်ရာဝန်ထမ်းများ၊ လူမှုအသင်း အဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူပေါင်းအင်အားဖြင့် ရေမြောင်းများရှင်းလင်းနေမှု၊ မြက်၊ ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ၊ လျှပ်စစ်ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ကိုင်းသစ်ခက်အမှိုက်များ ရှင်းလင်းသိမ်းဆည်းနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။


ဆက်လက်၍ ဒုတိယမြို့တော်ဝန်နှင့်အဖွဲ့သည် ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၊ မင်းရဲကျော်စွာလမ်းရှိ ဒဂုံ တက္ကသိုလ်သို့ သွားရောက်၍ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များနှင့် ရပ်ကွက်နေပြည်သူများ ပူပေါင်း အင်အားဖြင့် ရေမြောင်းများရှင်းလင်းနေမှု၊ မြက်၊ချုံနွယ်များရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ၊ လျှပ်စစ်ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသည့် သစ်ကိုင်းသစ်ခက်အမှိုက်များရှင်းလင်း သိမ်းဆည်းနေမှု၊ ဘတ်စ်ကားမှတ်တိုင်များ ရေဆေးနေမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒုတိယမြို့တော်ဝန်က ဘွဲနှင်းသဘင် အစည်းအဝေးခန်းမ ၌  ဒဂုံတက္ကသိုလ်ပါမောက္ခချုပ်၊ ဆရာကြီး ဆရာမကြီးများနှင့် တွေ့ဆုံကာ ကျောင်းဝင်းအတွင်းအပြင် သန့်ရှင်း သာယာသပ်ရပ်ရေး ရေရှည်ဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


ထို့နောက် ဒုတိယမြို့တော်ဝန်နှင့် အဖွဲ့သည် သင်္ဃန်းကျွန်းမြို့နယ်၊(င/က) ရပ်ကွက်၊ သံသုမာလမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာ ဝန်ထမ်းများ၊ လူမှုအသင်းအဖွဲ့များနှင့် ရပ်ကွက် နေပြည်သူများ ပူပေါင်းအင်အားဖြင့် ရေမြောင်းများ ရှင်းလင်းနေမှု၊ မြက်၊ ချုံနွယ်များ ရှင်းလင်းနေမှု၊ အုပ်မိုးကိုင်းများ၊ လျှပ်စစ်ဓါတ်အားလိုင်းနှင့် မလွတ်ကင်းသည့် သစ်ကိုင်းသစ်ခက်များ ခုတ်ထွင်ရှင်းလင်းနေမှု၊ အမှိုက်များရှင်းလင်း သိမ်းဆည်းနေမှုတို့အား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။

(သတင်းစဉ်)

No comments

Powered by Blogger.