တာမွေမြို့နယ်၌ ၂၀၂၂ - ၂၀၂၃ ပညာသင်နှစ် ကျောင်းအပ်နှံရေး အခမ်းအနားကျင်းပ

 






တာမွေ      မေ     ၃၁


ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်ရှိ အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် (မြို့နယ်အဆင့်) ကျောင်းအပ်နှံရေး အခမ်းအနားကို မေ ၃၁ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ တာမွေမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက    မြန်မာ့ကျောင်းသီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပြီး တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တာမွေမြို့နယ် ပညာရေးမှူး ဒေါ်ခင်စမ်းရီက ကျောင်းအပ်နှံရေးဆိုင်ရာ လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများ ပေးအပ်လှူဒါန်းသည့် အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား ကျောင်းသူ ၅၆၀၄ ဦးအတွက် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ ဗလာစာအုပ်ဒါဇင် ၈၀၀၀ နှင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးသုံး ပစ္စည်းများကို လက်ခံရယူသည်။


ယင်းနောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၌ ထူးချွန်ဆု ရရှိခဲ့ကြသော ကျောင်းသား ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ကြပြီး အမှတ်(၂) အခြေခံပညာ အလယ်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများက ပညာ့ပန်းခင်းသီချင်းသီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


နိုင်လင်းအောင်(တာမွေ)

No comments

Powered by Blogger.