ဆိပ်ဖြူမြို့နယ် ထန်းပင်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေး

 




ဆိပ်ဖြူ ဇွန် ၂၂


ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ထန်းပင်ကန်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေများကို ဇွန် ၂၁ ရက် မွန်းလွဲပိုင်းက အဆိုပါကျေးရွာ၌ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


ဦးစွာ ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲမင်းအောင်က မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများကို ထိထိရောက်ရောက် ဆောင်ရွက်ကြစေလိုကြောင်း၊ အတိုးအရင်းများက သတ်မှတ်ရက်အတွင်း ပုံမှန်ပေးသွင်းကြစေလိုကြောင်း၊ ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များအနေဖြင့်လည်း လစဉ်ဖြည့်သွင်းရမည့် စာရင်းဇယားများကို ပြည့်စုံမှန်ကန်စွာ ဖြည့်သွင်းကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။


ထို့နောက် ဆိပ်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ထန်းပင်ကန်ကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်းလုပ်ငန်း အဖွဲ့ဝင်များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ ၇၅ ဦး၊ ငွေကျပ် ၃၈ ဒသမ ၅၅သန်း၊ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀ ဦး၊ ငွေကျပ် ၃ ဒသမ ၃၅ သန်း စုစုပေါင်း အသင်းသား၊ အသင်းသူ  ၈၅  ဦးတို့အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ကျပ် ၄၁ ဒသမ ၉ သန်းကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။


မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ တိုးပွားလာစေခြင်းဖြင့် ​ကျေးလက်ဒေသ ဆင်းရဲမှုနှုန်း လျော့ကျလာစေရန်ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။


နွဲ့ယဉ်

No comments

Powered by Blogger.