အာဆီယံအမျိုးသမီးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ထိုင်းနှင့် မြန်မာ၊ ဗီယက်နမ်နှင့်ဖိလစ်ပိုင် ယနေ့ကစားမည်
ရန်ကုန် ဇူလိုင် ၁၅
ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပလျက်ရှိသည့်
၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇူလိုင်
၁၅ ရက် (ယနေ့) ပြုလုပ်မည်ဖြစ်ပြီး မြန်မာအသင်းသည် နာမည်ကြီးထိုင်းအသင်းနှင့် ကစားရမည်ဖြစ်သည်။
ဆီမီးဖိုင်နယ်ပွဲစဉ်များအဖြစ် ယနေ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲတွင် ထိုင်းအသင်းနှင့်
မြန်မာအသင်း၊ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းနှင့်
အိမ်ရှင်ဖိလစ်ပိုင်အသင်းတို့ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
ယခုနောက်ပိုင်းနှစ်များတွင်
ဖိလစ်ပိုင်အမျိုးသမီးအသင်း၏ တိုးတက်လာမှုကြောင့် အာဆီယံအမျိုးသမီး ဘောလုံးလောကတွင်
ဗီယက်နမ်၊ ထိုင်း၊ မြန်မာ သုံးသင်း ကြီးစိုးထားမှုကို အဆုံးသတ်နိုင်ခဲ့ပြီး လေးသင်းအပြိုင်ဖြစ်လာခဲ့သည်။
ယခု ဆီမီးဖိုင်နယ်တွင် ယင်းလေးသင်းတွေ့ဆုံနေသဖြင့်
ပွဲကောင်းဖြစ်လာနိုင်ပြီး ထိုင်းနှင့် ဗီယက်နမ်အသင်းတို့ တစ်လှည့်စီ ချန်ပီယံဆုရယူနေမှုကို
မြန်မာနှင့် ဖိလစ်ပိုင်အသင်းက အဆုံးသတ် နိုင်မလားစောင့်ကြည့်ရမည်ဖြစ်သည်။ မြန်မာအသင်းသည်
အုပ်စုပွဲစဉ်များအပြီးတွင် ဒုတိယနေရာသာ ရခဲ့သဖြင့် တစ်ဖက်အုပ်စုတွင် ပထမနေရာရလာသည့်
ထိုင်းအသင်းနှင့် ကစားရခြင်းဖြစ်သည်။ မြန်မာအသင်းနှင့် ကစားရမည့် ထိုင်းအသင်းသည် အုပ်စုပွဲများတွင်
ရှုံးပွဲမရှိခဲ့ဘဲ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ မလေးရှားတို့ကို အနိုင်ရကာ
ဩစတြေးလျနှင့် သရေကျပြီး အုပ်စုပထမနေရာရခဲ့ခြင်း ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုပွဲများတွင်
တီမောအသင်းကို ခုနစ်ဂိုးပြတ်၊ ကမ္ဘောဒီးယားအသင်းကို သုံးဂိုးပြတ်၊ ဖိလစ်ပိုင်အသင်းကို
သုံးဂိုး-တစ်ဂိုးတို့ဖြင့် အနိုင်ရခဲ့ပြီး အုပ်စုနောက်ဆုံးပွဲတွင် ဗီယက်နမ် အသင်းကို
လေးဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ဗီယက်နမ်နှင့်
ပွဲမတိုင်မီကတည်းက ဆီမီးဖိုင်နယ်တက်ရောက်ပြီးဖြစ်သလို ဗီယက်နမ်နှင့်ပွဲအပြီး တစ်ရက်သာနားကာ
ဆီမီးဖိုင်နယ်ကစားရမည်ဖြစ်သောကြောင့် အမာခံကစား သမားများ အင်အားပြည့်ကစားနိုင်ရန် ဗီယက်နမ်နှင့်ပွဲတွင်
အရန်လူငယ်ကစားသမားများကိုသာ အသုံးပြုခဲ့သဖြင့် ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
မြန်မာနှင့် ထိုင်းအသင်းသည် ၂၀၂၂ ခုနှစ် မေလက ဗီယက်နမ်နိုင်ငံ၌ကျင်းပသည့် (၃၁) ကြိမ်မြောက်
ဆီးဂိမ်းပြိုင်ပွဲအုပ်စုအဆင့်တွင် တွေ့ဆုံဖူးပြီး တစ်ဂိုးစီသရေကျခဲ့သည်။
မြန်မာအသင်းသည် ၂၀၁၅ အာဆီယံ
အမျိုးသမီးပြိုင်ပွဲတွင် ဗိုလ်လုပွဲတက်ရောက်ခဲ့ပြီး နောက်ပိုင်း နှစ်များတွင် ဆီမီးဖိုင်နယ်အဆင့်ဖြင့်သာ
ကျေနပ်ခဲ့ရသဖြင့် ယခုနှစ်တွင် ဗိုလ်လုပွဲသို့ ပြန်လည် တက်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိသည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲတွင် ၂၀၀၄ နှင့် ၂၀၀၇ ခုနှစ် တို့က ချန်ပီယံဆုများ ရရှိခဲ့သည်။
မြန်မာအသင်းသည် အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် ချန်ပီယံဆုနှင့် ဆယ်စုနှစ် တစ်ခု ကျော်ကြာ
ဝေးကွာလျက်ရှိသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF
No comments