နမ့်ဆန်မြို့နယ် စုံဟင်ကျေးရွာ၌ စိုက်ပျိုးမြေဧက ၃၀၀ ကျော် အကျိုးပြုမည့် ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်နေ
နမ့်ဆန် ဇူလိုင် ၂၇
ရှမ်းပြည်နယ်မြောက်ပိုင်း၊
ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်တွင်းရှိ စုံဟင်ကျေးရွာ၌ ၂၀၂၂-၂၀၂၃ ခု
ဘဏ္ဍာနှစ်တွင် ငွေကျပ် ၁၄၂ ဒသမ၈ သန်းဖြင့် စိုက်ပျိုးမြေဧက ၃၀၀ကျော် အကျိုးပြုမည့်
ကျေးလက်ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်းနှင့် ကုန်ထုတ်တံတားတည်ဆောက်ခြင်းလုပ်ငန်းများကို
ဇွန်လ တတိယအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိကြောင်း နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ထံမှ သိရသည်။
နမ့်ဆန်မြို့နယ် ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခုဘဏ္ဍာနှစ်တွင် စုံဟင်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်း အရှည် သုံးမိုင်ခင်းခြင်းလုပ်ငန်းနှင့်
အဆိုပါ ကုန်ထုတ်လမ်းပေါ်တွင် ကုန်ထုတ်တံတားအဖြစ်
Box Culvert လေးစင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ခွင့်ပြုရန်ပုံငွေကျပ်
၁၄၂ ဒသမ သန်းဖြင့် တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ ဇွန်လ တတိယအပတ်မှစ၍ စတင်အကောင်အထည်ဖော်
ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိ အချိန်မှာတော့ မြေသားတစ်ပေထု ခင်းခြင်းလုပ်ငန်းနှင့်
ရေဖြန်းစက်ကြိတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း နမ့်ဆန်မြို့နယ်
ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်း ပြောပြချက်အရ
သိရသည်။
“ကျွန်တော်တို့ ကျေးလက်ဒေသ
ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေနဲ့တော့ ဒေသခံတောင်သူများ၏ ထုတ်ကုန်ထွက်ကုန်များ
ကုန်ကျစရိတ်သက်သာစွာနဲ့ ဈေးကွက်သို့ လျှင်မြန်စွာရောက်ရှိရေးအတွက်
ကျေးလက်ကုန်ထုတ်လမ်းများ ဖောက်လုပ် ပေးလျက်ရှိပါတယ်၊ ကုန်ထုတ်လမ်း ဖောက်လုပ်ဆောင်ရွက်ရာတွင် ကျောက်ရောမြေ
တစ်ပေထုနဲ့ မြေနီကျောက်စရစ် ကိုးလက်မထု နှစ်လွှာခင်းပေးတာပါ၊
မြေသားလမ်းဖြစ်တဲ့အတွက် ပျက်စီးမှုနည်းအောင် သတ်မှတ်တဲ့သိပ်သည်းထုရအောင်လည်း
လုပ်ဆောင်ပေးလျက်ရှိပါတယ်"
မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ဆက်လက်ပြောပြ၍
သိရသည်။
အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းနှင့် တံတားတည်ဆောက်ခြင်းလုပ်ငန်းများအားလုံး
ဆောင်ရွက်ပြီးစီးပါက စုံဟင်ကျေးရွာရှိ
အိမ်ခြေ ၁၀၆ အိမ်၊ လူဦးရေ ၅၃၈ ဦး တို့၏ စိုက်ပျိုးမြေဧက ၃၀၀ ကျော်မှ ထွက်ရှိသော စပါးနှင့် အခြား
သီးနှံများကို ဈေးကွက် သို့ ကုန်ကျစရိတ် သက်သာစွာဖြင့် အချိန်မီ သယ်ယူပို့ဆောင်နိုင်မည်ဖြစ်ကြောင်း
သိရသည်။
သန်းလွင်(မကွေး)

No comments