အာဆီယံအမျိုးသမီးပြိုင်ပွဲတွင် ဖိလစ်ပိုင်ဗိုလ်စွဲ မြန်မာအသင်း ဗီယက်နမ်ကိုနိုင်ပြီး တတိယဆုရရှိ
ရန်ကုန် ဇူလိုင် ၁၈
၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ
တတိယနေရာလုပွဲအဖြစ် မြန်မာအသင်းနှင့် ဗီယက်နမ် အသင်းတို့ ဇူလိုင် ၁၇ ရက် ညနေပိုင်းက
ဖိလစ်ပိုင်နိုင်ငံ၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက လေးဂိုးသုံးဂိုးဖြင့် အနိုင်ရရှိကာ
တတိယဆုရရှိခဲ့သည်။ ဗိုလ်လုပွဲတွင် အိမ်ရှင်ဖိလစ်ပိုင်အသင်းက ထိုင်း အသင်းကို သုံးဂိုးပြတ်ဖြင့်အနိုင်ရရှိကာ
ချန်ပီယံဆုရရှိခဲ့သည်။
မြန်မာအသင်းအနေဖြင့် ဗိုလ်လုပွဲနှင့်
လွဲချော်ခဲ့သော်လည်း ဗီယက်နမ်ကိုအနိုင်ရပြီး တတိယရခဲ့သဖြင့် အုပ်ချုပ်သူ ဒေါ်မြတ်မြတ်ဦး၊
နည်းပြချုပ် ဒေါ်သက်သက်ဝင်း စသည့် အုပ်ချုပ်/နည်းပြအဖွဲ့ဝင်များ၏ စွမ်းဆောင်မှု၊ ကစားသမားများ၏
ကြိုးစားအားထုတ်မှုတို့ကို အသိအမှတ်ပြုရမည်ဖြစ်သည်။
မြန်မာအသင်းသည် အုပ်စုနောက်ဆုံးပွဲတွင်
အရေးနိမ့်ခဲ့သည့် နာမည်ကြီး ဗီယက်နမ် အသင်းကို အပြန်အလှန် သွင်းဂိုးများဖြင့် အနိုင်ရကာ
တတိယဆုရရှိခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် စန်းသော်သော်၏ ဟက်ထရစ်အပါအဝင် အနိုင်ရခဲ့ခြင်းဖြစ်သည်။
စန်းသော်သော်သည် ဗီယက်နမ် ဆီးဂိမ်းပြိုင်ပွဲကို ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပြီး ယခုပြိုင်ပွဲမှ
ပြန်လည်ကစားနိုင်ခြင်းဖြစ်သည်။
မြန်မာအမျိုးသမီးအသင်းသည်
ယခုပွဲတွင် ပွဲထွက်လူစာရင်းကို အပြောင်းအလဲအချို့ ပြုလုပ်ခဲ့ပြီး အမာခံကစားသမား အစုံအလင်ဖြင့်
ပွဲထွက်ခဲ့သည်။ မြန်မာအသင်းသည် ဦးဆောင်ဂိုးသွင်းယူနိုင်သော် လည်း နှစ်ကြိမ်တိုင် နောက်မှပြန်လိုက်ကစားရသော်လည်း
အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ ပွဲစကတည်းက နှစ်သင်းစလုံး တိုက်စစ်ဖွင့်ကစားခဲ့ပြီး
၁၀ မိနစ်တွင် စန်းသော်သော်က ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ သို့သော် မြန်မာအသင်းသည် ခံစစ်ပိုင်းအမှားများရှိခဲ့သဖြင့်
ပထမပိုင်းမှာပင် နှစ်ဂိုးပြန်ပေးခဲ့ရသည်။ ၂၄၊ ၄၁ မိနစ်တွင် တိုက်စစ်မှူး ဟူယင်နျူက
နှစ်ဂိုးသွင်းယူခဲ့သဖြင့် ပထမပိုင်း အပြီးတွင် ဗီယက်နမ်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့်
ဦးဆောင်နေသည်။ မြန်မာအသင်းသည် ဒုတိယပိုင်း တွင် ချေပဂိုးပြန်ရရန် ကြိုးပမ်းလာပြီး ၅၈
မိနစ်တွင် စန်းသော်သော်က ချေပဂိုးပြန်သွင်းခဲ့သည်။ သို့သော် မြန်မာဂိုးသမားနှင့် နောက်ခံလူတို့နားလည်မှုလွဲသည်ကို
အခွင့်ကောင်းယူကာ ၈၂ မိနစ်တွင် ဖန်ဟိုင်ယန်က ဗီယက်နမ်အသင်းအတွက် တတိယဂိုး သွင်းယူခဲ့သည်။
သို့သော် မြန်မာအသင်း၏ အံ့အားသင့်ဖွယ်ပြန်လာနိုင်ခဲ့ပြီး
၈၄ မိနစ်တွင် လင်းမြင့်မိုရ်က ချေပဂိုး၊ ၈၈ မိနစ်တွင် စန်းသော်သော်က အနိုင်ဂိုး သွင်းယူခဲ့သဖြင့်
မြန်မာအသင်း အနိုင်ရခဲ့ခြင်းဖြစ်သည်။ စန်းသော်သော်သည် ဒဏ်ရာကြောင့် ဆီးဂိမ်းပြိုင်ပွဲ
လွဲချော်ခဲ့ရသော်လည်း ယခုပွဲတွင် ဟက်ထရစ်သွင်းယူကာ မြန်မာအသင်းကို တတိယရရှိ အောင် စွမ်းဆောင်နိုင်ခဲ့သည်။
မြန်မာအသင်းသည် ဗီယက်နမ်အသင်းနှင့်
နိုင်ငံတကာပြိုင်ပွဲများတွင် တွေ့ဆုံတိုင်း ရလဒ်မကောင်း သည့် အစဉ်အလာကို အဆုံးသတ်နိုင်ခဲ့ပြီး
တတိယဆုရခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် အာဆီယံအမျိုးသမီးပြိုင်ပွဲတွင်
ချန်ပီယံဆု နှစ်ကြိမ်၊ ဒုတိယဆု သုံးကြိမ်၊ တတိယဆု သုံးကြိမ်ရရှိခဲ့သည်။ ဖိလစ်ပိုင်အသင်းသည်
ပထမဆုံးအကြိမ် ချန်ပီယံဆု ရယူနိုင်ခဲ့ခြင်း ဖြစ်ပြီး ချန်ပီယံအသင်းသစ် ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
သတင်း-ရဲရင့်လွင်၊ ဓာတ်ပုံ-MFF
No comments