ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲဝင်အသင်းအချို့ ပြောင်းလဲခဲ့ပြီး မြန်မာ၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်အသင်းတို့ ယှဉ်ပြိုင်မည်
ရန်ကုန် ဇူလိုင် ၂၀
ဗီယက်နမ် ဘောလုံးအဖွဲ့ချုပ်က
စီစဉ်ကျင်းပမည့် ၂၀၂၂ ဗီယက်နမ် ယူ-၁၉ ဖိတ်ခေါ်ပြိုင်ပွဲဖြစ်သည့် International
U-19 Thanh Nien Cup ပြိုင်ပွဲဝင်အသင်းအချို့ အပြောင်းအလဲဖြစ်ပေါ်ခဲ့ပြီး အိမ်ရှင်ဗီယက်နမ်၊
မြန်မာ၊ ထိုင်းနှင့် မလေးရှားအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။
International U-19
Thanh Nien Cup ပြိုင်ပွဲကို ဩဂုတ် ၅ ရက်မှ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ပြီး ဘင်ဒေါင်းအားကစားကွင်း၌
ကျင်းပသွားမည်ဖြစ်သည်။
ယင်းပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့်အသင်းအချို့
အပြောင်းအလဲရှိခဲ့သော်လည်း စုစုပေါင်း လေးသင်း ယှဉ်ပြိုင်မည်ဖြစ်ပြီး အိမ်ရှင် ဗီယက်နမ်အသင်းနှင့်
မြန်မာအသင်းမှာ ပုံမှန်အတိုင်း ယှဉ်ပြိုင်မည်ဖြစ်ကာ အသင်းသစ်အဖြစ် မလေးရှားနှင့် ထိုင်းအသင်းတို့ယှဉ်ပြိုင်မည်ဖြစ်သည်။
ယခင်က အာရှထိပ်သီးအသင်းများဖြစ်သည့်ဂျပန်နှင့်
ဆော်ဒီအာရေဗျ အသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းပေးသွင်းခဲ့သော်လည်း ပြန်လည်နုတ်ထွက်ခဲ့သဖြင့်
ထိုင်း၊ မလေးရှားအသင်းတို့ဖြင့် အစားထိုးခဲ့ ခြင်းဖြစ်သည်။ ယင်းလေးသင်းစလုံးမှာ မကြာခင်ကပြီးစီးခဲ့သည့်
၂၀၂၂ အာဆီယံ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့်အသင်းများဖြစ်ပြီး မလေးရှားအသင်းမှာ
ချန်ပီယံဆုရခဲ့ကာ ထိုင်းနှင့် ဗီယက်နမ်အသင်းမှာ ဆီမီးဖိုင်နယ်အဆင့်အထိတက်ရောက်နိုင်ခဲ့သည်။
မြန်မာအသင်းသည် ယင်းပြိုင်ပွဲ တွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ယခုပြိုင်ပွဲဝင်အသင်းများအနက်
ထိုင်း၊ ဗီယက်နမ်အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက်ခဲ့ကာ နှစ်သင်းစလုံးကို အရေးနိမ့်ခဲ့သည်။
ယင်းအသင်းကို နည်းပြချုပ်အဖြစ်
ဦးစိုးမြတ်မင်းက ကိုင်တွယ်လျက်ရှိပြီး ၂၀၂၂ အာဆီယံ ယူ-၁၉ ပြိုင်ပွဲဝင်အသင်းကို အခြေခံဖွဲ့စည်းထားခြင်းဖြစ်သည်။
မြန်မာ ယူ-၁၉ အသင်းသည် ပဏာမ ကစားသမား ၂၈ ဦးဖြင့် လေ့ကျင့်ပြင်ဆင်လျက်ရှိသည်။
ရဲရင့်လွင်၊ ဓာတ်ပုံ-MFF
No comments