အာဆီယံ အမျိုးသမီးပြိုင်ပွဲတွင် မြန်မာအသင်း အုပ်စုဒုတိယဖြင့် ဆီမီးဖိုင်နယ် တက်ရောက်
ရန်ကုန် ဇူလိုင် ၁၄
၂၀၂၂ အာဆီယံ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲ
အုပ်စု(ခ) နောက်ဆုံးနေ့ကို ဇူလိုင် ၁၃ ရက် ညနေပိုင်းက ဖိလစ်ပိုင်နိုင်ငံ၌ ဆက်လက်ကျင်းပရာ
မြန်မာအသင်း ရှုံးပွဲကြုံတွေ့ရသော်လည်း ဆီမီးဖိုင်နယ် တက်ရောက်သွားသည်။
ဆီမီးဖိုင်နယ်တက်ရောက် မြန်မာအသင်းသည်
အုပ်စုနောက်ဆုံးပွဲတွင် လက်ရှိချန်ပီယံ ဗီယက်နမ် အသင်းနှင့် တွေ့ဆုံခဲ့ရာ လေးဂိုးပြတ်အရေးနိမ့်ခဲ့ခြင်းဖြစ်သည်။
မြန်မာအသင်းသည် ယခုပွဲမတိုင်မီ ကတည်းက ဆီမီးဖိုင်နယ်တက်ရောက်ပြီးဖြစ်သောကြောင့် ယခုပွဲတွင်
အမာခံကစားသမားအားလုံး အနားပေးပြီး လူငယ်ကစားသမားများဖြင့် ပွဲထွက်ကစားစေခဲ့သောကြောင့်
ဂိုးပြတ်အရေးနိမ့်ခဲ့ရခြင်း ဖြစ်သည်။ မြန်မာအသင်းအနေဖြင့် ဆီမီးဖိုင်နယ်တွင် ကစားသမားများ
အင်အားအပြည့် ကစား နိုင်ရန်အတွက် လူငယ်ကစားသမား များဖြင့် ယှဉ်ပြိုင်စေခဲ့ခြင်းဖြစ်သည်။
လူငယ်ကစားသမားများဖြင့် ပွဲထွက်ခဲ့သည့်
မြန်မာအသင်းသည် လက်ရှိချန်ပီယံ ဗီယက်နမ်ကို ယှဉ်ကစားနိုင်ခြင်းမရှိဘဲ ပထမပိုင်းမှာပင်
သုံးဂိုးပေးခဲ့ရသည်။ မြန်မာအသင်းသည် ဒုတိယပိုင်းတွင် တစ်ဂိုးထပ်ပေးခဲ့ရသဖြင့် လေးဂိုးပြတ်
အရေးနိမ့်ခဲ့ရခြင်းဖြစ်သည်။
အုပ်စု (ခ) ပွဲစဉ်များအပြီးတွင်
ဗီယက်နမ် အသင်းက ၁၂ မှတ်ဖြင့် အုပ်စုပထမ၊ မြန်မာ အသင်းက ကိုးမှတ်ဖြင့် အုပ်စုဒုတိယရရှိကာ
ဆီမီးဖိုင်နယ်တက်ရောက်ခဲ့ပြီး ကမ္ဘောဒီးယား၊ တီမောနှင့် လာအိုအသင်းတို့မှာ အုပ်စုမှ
ထွက်ခဲ့ရသည်။ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဇူလိုင် ၁၅ ရက်တွင် ဆက်လက် ကျင်းပမည်ဖြစ်ပြီး
ထိုင်းနှင့် မြန်မာ၊ ဗီယက်နမ်နှင့် အိမ်ရှင် ဖိလစ်ပိုင်အသင်းတို့ တွေ့ဆုံမည်ဖြစ်သည်။
သတင်း-ကိုညီလေး၊ ဓာတ်ပုံ-MFF
No comments