ပင်းတယမြို့ထွက် ဆေးဘက်ဝင် ကြက်သွန်ဖြူဥတစ်လုံးများ စျေးကောင်းရ

 





ပင်းတယ      ဇူလိုင်      ၁၅


ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် အနီးအနားရှိ ကျေးရွာများတွင် စိုက်ပျိုးထားသည့် ဆေးဘက်ဝင် ကြက်သွန်ဖြူ ဥတစ်လုံးများမှာ စျေးကောင်းရရှိလျက်ရှိပြီး စိုက်ပျိုးတောင်သူများ လူမှုစီးပွားဘဝ အဆင်ပြေလျက်ရှိကြောင်း သိရသည်။


ပင်းတယမြို့နယ် အနီးအနား ကျေးရွာများဖြစ်သည့် လယ်ပြင်၊ တံတားကြီး၊ ရွှေပုထိုး၊ ကျောက်စု၊ ကိုးလုံး၊ ကောင်းဘို့ စသည့် ကျေးရွာများတွင် ကြက်သွန်ဖြူ ဧကအများ စိုက်ပျိုးထားကြသော်လည်း ကြက်သွန်ဖြူ ဥတစ်လုံးစိုက်ပျိုးသူ နည်းပါးကြောင်း သိရသည်။ ကြက်သွန်ဖြူ ဥတစ်လုံးများသည် တိုင်းရင်းဆေးဖော်ရာတွင် ထည့်သွင်းအသုံးပြုရခြင်းကြောင့် ရိုးရိုးအမြွှာ ကြက်သွန်ဖြူထက် စျေးကောင်းပိုမို ရရှိခြင်းဖြစ်သည်။ ပေါ်ဦးပေါ်ဖျား ဆေးဘက်ဝင် ကြက်သွန်ဖြူ ဥတစ်လုံး တစ်ပိသာလျှင် ငွေကျပ် ၇၀၀၀ ထိ ရှိသည်။ ယခုအခါ ကြက်သွန်ဖြူ ဥတစ်လုံးများ လှိုင်လှိုင် ထွက်ရှိနေပြီး စျေးကွက်အတွင်း စျေးနှုန်းမြင့်တက်နေကြောင်း သိရသည်။


ကြက်သွန်ဖြူဥတစ်လုံးများ စိုက်ပျိုးရာတွင် စိုက်ပျိုးပြီး ခြောက်လခန့်၌ တူးဖော်ရောင်းချနိုင်ပြီး ယခင်နှစ်က တစ်ပိသာ ၃၀၀၀ ကျပ်သာရရှိခဲ့ကာ ယခုနှစ်တွင် ကြက်သွန်ဖြူ ဥတစ်လုံးများ လက်ရှိပွဲရုံစျေး တစ်ပိသာလျှင် ငွေကျပ်  ၅၀၀၀ ဝန်းကျင်ခန့်ရရှိကြောင်း၊  စျေးကွက်အတွင်း ကြက်သွန်ဖြူ ဥတစ်လုံးများ အရွယ်အစားပေါ်မူတည်၍ တစ်ပိသာလျှင် အသေးစား ၅၀၀၀ ကျပ်၊ အလတ်စား ၆၅၀၀ ကျပ်နှင့် အကြီးဆုံး၊ အကောင်းဆုံး ရှယ်သန့်မှာ ငွေကျပ် ၈၀၀၀ အထိ စျေးကောင်းရရှိနေကြောင်း သိရှိရသည်။


အေးအေးလတ်(ပြန်/ဆက်)

No comments

Powered by Blogger.